တရုတ်သမ္မတ၏ ခရီးစဥ်အပြီးတွင် ရုရှားက ယူကရိန်းမြို့များကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ (၇) ဦး သေဆုံး

တရုတ်သမ္မတ၏ ခရီးစဥ်အပြီးတွင် ရုရှားက ယူကရိန်းမြို့များကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ (၇) ဦး သေဆုံး
By Mr John

တရုတ်သမ္မတ ရှီကျင့်ဖျင်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့အပြီး နောက်တစ်ရက်ဖြစ်သည့် ၂၀၂၃ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် ရုရှားက ယူကရိန်းနိုင်ငံ၏ မြို့များကို  လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံး လူ (၇) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ယခု လေကြောင်းတိုက်ခိုက်မှုများက ရုရှား-ယူကရိန်း ပဋိပက္ခဖြေရှင်းရေး ကြားဝင်ဆောင်ရွက်ပေးရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကြိုးပမ်းအားထုတ်မှု အရာမထင်ကြောင်း ဖော်ပြနေသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးကလည်း ရုရှားက ငြိမ်းချမ်းရေးကို စိတ်မဝင်စားကြောင်း ပြောဆိုခဲ့သည်။

မတ်လ (၂၂) ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်း ရုရှား၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုအတွင်း ကိဗ်မြို့တော်၏ တောင်ဘက် မိုင် (၄၀) အကွာ Rzhyshchiv မြို့ရှိ အဆောင် (၂) ခုနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့မှုကြောင့် လူ (၆) ဦး သေဆုံးပြီး (၁၈) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့က အကြီးအကဲ Andrii Nebytov က ပြောသည်။

တိုက်ခိုက်မှုကြောင့် Rzhyshchiv မြို့ရှိ အထပ် (၅) ထပ်ပါ အဆောင်တစ်ခု၏ အပေါ်ဆုံးထပ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အပျက်အစီးများ စုပုံသွားခဲ့သည်။

 ထို့နောက် နာရီပိုင်းအကြာတွင် ယူကရိန်းအရှေ့တောင်ပိုင်း Zaporizhzhia မြို့ရှိ လူနေအဆောက်အအုံ (၂) ခုကို ရုရှားဒုံးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။ 

ထိုတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး (၃၃) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိများက ပြောသည်။

ယူကရိန်းစစ်တပ်က ထုတ်ပြန်မှုအရ ရုရှားက အီရန်နိုင်ငံလုပ် Shahed ဒရုန်းများ အပါအဝင် ဒရုန်း (၂၁) စင်းဖြင့် မတ်လ (၂၁) ရက် ညလုံးပေါက် တိုက်ခိုက်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် (၁၆) စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ 

Zaporizhzhia မြို့ရှိ လူနေအဆောက်အအုံ (၂) ခုကို တိုက်ခိုက်ရာတွင် ရုရှားက ဒုံးကျည်များ တစ်ပြိုင်နက်တည်း ပစ်လွှတ်နိုင်သည့် Tornado-S ဒုံးကျည်ပစ်စနစ်မှ မြန်နှုန်းမြင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူကရိန်းလေတပ် ပြောခွင့်ရပုဂ္ဂိုလ် Yuriy Ihnat က ပြောသည်။

Source: Reuters

Photo: Sputnik/Grigory Sysoev/Kremlin, Kyiv Regional Prosecutor's Office/Handout via REUTERS,  REUTERS/Stringer,