တရုတ်နိုင်ငံသား (၁) ဘီလီယံ၏ အချက်အလက်များကို ရဲတပ်ဖွဲ့ထံက ဟက်ကာ  ခိုးယူ

တရုတ်နိုင်ငံသား (၁) ဘီလီယံ၏ အချက်အလက်များကို ရဲတပ်ဖွဲ့ထံက ဟက်ကာ  ခိုးယူ
ဇူလိုင် 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံ၊ ရှန်ဟိုင်းရဲတပ်ဖွဲ့ထံမှ တရုတ်နိုင်ငံသား (၁) ဘီလီယံ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူနိုင်ခဲ့ကြောင်း ဟက်ကာတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။ 

အကယ်၍ အမှန်တကယ် ထိုသို့ ရယူသွားခဲ့ပါက သမိုင်းတစ်လျှောက် အကြီးဆုံး အချက်အလက်ကျိုးပေါက်မှုများအနက်မှ တစ်ခုဖြစ်လာမည်ဟု ကျွမ်းကျင်သူတွေက ဆိုသည်။ 

"ChinaDan" ဟု ဖော်ပြထားသော အမည်မသိ အင်တာနက်အသုံးပြုသူက ပြီးခဲ့သည့် သီတင်းပတ်အတွင်း အချက်အလက်ပမာဏ 23 terabytes (TB) ကို အမေရိကန်ဒေါ်လာ (၂၀၀,၀၀၀) နှင့် ညီမျှသည့် bitcoin (၁၀) ခုဖြင့် ရောင်းချမည်ဟု ဟက်ကာဖိုရမ်တစ်ခုဖြစ်သော Breach Forums တွင် ပို့စ်ရေးသားပြီး ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

"၂၀၂၂ ခုနှစ်မှာ ရှန်ဟိုင်းရဲတပ်ဖွဲ့ Shanghai National Police (SHGA) ၏ အချက်အလက် သိမ်းဆည်းထားသည့် database ပေါက်ကြားခဲ့သည်။ ထို database တွင် အချက်အလက်ပမာဏ terabytes (TB) အများအပြားနှင့် ဘီလီယံနှင့်ချီသော တရုတ်နိုင်ငံသားများ၏ သတင်းအချက်အလက်များ ပါဝင်သည်" ဟု ဟက်ကာက ဆိုသည်။ 

ရောင်းချမည်ဟု ကမ်းလှမ်းထားသော database ထဲတွင် တရုတ်နိုင်ငံသား (၁) ဘီလီယံ၏ အချက်အလက်များနှင့် ဘီလီယံနှင့်ချီသည့် အမှုမှတ်တမ်းများ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံသား (၁) ဘီလီယံ၏ အချက်အလက်များတွင် အမည်၊ လိပ်စာ၊ မွေးရပ်၊ နိုင်ငံသားကတ်ပြားနံပါတ်၊ မိုဘိုင်းဖုန်းနံပါတ်၊ ပြစ်မှုမှတ်တမ်းအားလုံး အသေးစိတ်များ ပါဝင်သည်ဟု ဆိုသည်။ 

Breach Forums တွင် တင်ထားသည့်ပို့စ်၏ မှန်ကန်မှုကို အတည်မပြုနိုင်ကြောင်း Reuters သတင်းဌာနက ပြောသည်။ 

ထိုကိစ္စနှင့် ပတ်သက်၍ ရှန်ဟိုင်းတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ကို ဇူလိုင် (၄) ရက်နေ့တွင် မေးမြန်းခဲ့ရာ တုံ့ပြန်ခဲ့ခြင်းမရှိဟု ဆိုသည်။

"ChinaDan" ဟု ဖော်ပြထားသော ဟက်ကာနှင့်လည်း ဆက်သွယ်၍မရခဲ့ကြောင်း၊ သို့သော် ၎င်း၏ပို့စ်ကို တရုတ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းများဖြစ်သည့် Weiob နှင့် WeChat တွင် သီတင်းပတ်ကုန်ရက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး အသုံးပြုသူအများအပြားက အမှန်ဖြစ်နိုင်ကြောင်း စိုးရိမ်ပူပန်ခဲ့ကြသည်။ 

Weibo က hashtag "data leak" ကို ဇူလိုင် (၃) ရက် မွန်းလွဲပိုင်းတွင် ပိတ်ပင်ခဲ့သည်။

Source: Reuters