ရှီကျင့်ဖျင်နှင့်အတူ တရုတ်နိုင်ငံကို နောက် (၅) နှစ်ကြာ အုပ်ချုပ်မည့် လူတစ်စု

ရှီကျင့်ဖျင်နှင့်အတူ တရုတ်နိုင်ငံကို နောက် (၅) နှစ်ကြာ အုပ်ချုပ်မည့် လူတစ်စု
အောက်တိုဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် အကြိမ် (၂၀) မြောက် ကွန်မြူနစ်ပါတီညီလာခံကို အောက်တိုဘာလ (၁၆) ရက်မှ (၂၂) ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတရှီကျင့်ဖျင်က တတိယသမ္မတသက်တမ်း ဆက်လက် အာဏာရရှိခဲ့သည်။ 

ရှီကျင့်ဖျင်က သမိုင်းတွင်သည့် သမ္မတသက်တမ်းကို ဆက်လက်ရယူနိုင်ခဲ့မှုနှင့်အတူ မော်စီတုန်းနောက်ပိုင်း တရုတ်နိုင်ငံ၏ ဩဇာအရှိဆုံးခေါင်းဆောင် ဖြစ်လာပြီး အကန့်အသတ်မရှိ သမ္မတလုပ်ရန်လည်း လမ်းပွင့်သွားခဲ့သည်။

တရုတ်သမ္မတတစ်ဦးအနေဖြင့် သက်တမ်း (၂) ကြိမ်သာ ဆောင်ရွက်ခွင့်ပြုထားသည့် ကန့်သတ်ချက်ကို ၂၀၁၈ ခုနှစ်တွင် ရှီကျင့်ဖျင်က ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ 

သမ္မတရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌအဖြစ်လည်း ဆက်လက် ရွေးချယ်ခံခဲ့ရသည်။ 

ပါတီညီလာခံအပြီးတွင် ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ၎င်းနှင့်အတူ နောက် (၅) နှစ်ကြာ အုပ်ချုပ်သွားမည့် ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို အောက်တိုဘာလ (၂၃) ရက်တွင် မိတ်ဆက်လိုက်သည်။

ရှီကျင့်ဖျင်က ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို ၎င်းအား သစ္စာခံသူများဖြင့် ဖွဲ့စည်းခဲ့သည်။ 

ပေါ်လစ်ဗျူရိုအဖွဲ့သစ်တွင် ရှီကျင့်ဖျင်အပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၇) ဦးပါဝင်သည်။ 

ယခင် ပေါ်လစ်ဗျူရိုအဖွဲ့ဟောင်းမှ Zhao Leji နှင့် Wang Huning တို့ ပြန်လည် ပါဝင်လာသော်လည်း နောက်ထပ် (၄) ဦးမှာ လူသစ်များဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံကို အသက် (၆၉) နှစ်အရွယ် သမ္မတရှီကျင့်ဖျင်နှင့်အတူ အုပ်ချုပ်သွားမည့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Li Qiang - အသက် (၆၃) နှစ်

Li Qiang - အသက် (၆၃) နှစ်

ရှန်ဟိုင်းမြို့၏ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးအဖြစ် လက်ရှိ တာဝန်ယူထားသူ ဖြစ်သည်။ ရှီကျင့်ဖျင်၏ အယုံကြည်ရဆုံး အငယ်တန်း လုပ်ဖော်ကိုင်ဖက်ဟု ဆိုသည်။ ၎င်းက ကျဲ့ကျန်း ပြည်နယ်ရှိ သေးငယ်သည့် ကောင်တီများတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ရှီကျင့်ဖျင်က ကျဲ့ကျန်း ပြည်နယ် ပါတီအကြီးအကဲဖြစ်လာချိန်တွင် Li Qiang က ဝန်ထမ်းအဖွဲ့အကြီးအမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းကို သစ္စာခံမှုကြောင့်လည်း ရှီကျင့်ဖျင်က Li Qiang ကို ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

Zhao Leji - အသက် (၆၅) နှစ်

Zhao Leji - အသက် (၆၅) နှစ်

လက်ရှိတွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စစ်ဆေးရေး ဗဟိုကော်မရှင် အကြီးအကဲအဖြစ် တာဝန်ယူထားသည်။ တရုတ်ခေါင်းဆောင်ပိုင်းတွင် တက်သစ်စ တစ်ဦးအဖြစ် မြင်တွေ့ရသည်။ ချင်းဟိုင် ပြည်နယ်အစိုးရကို ဝင်ရောက်လာခဲ့ပြီးနောက် လျင်မြန်စွာ ရာထူးတိုးလာခဲ့ပြီး ၎င်း၏အသက် (၄၂) နှစ်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာသည့် အသက်အငယ်ဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အကြီးအကဲဖြစ်သည့် Zhao က ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့် အကြီးတန်းအရာရှိများ လာဘ်ယူမှုများကို နှစ်များကြာ ကိုင်တွယ်ခဲ့သူလည်း ဖြစ်သည်။

Wang Huning - အသက် (၆၇) နှစ်

Wang Huning - အသက် (၆၇) နှစ်

ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ရုံး၏ ပထမအတွင်းဝန်အဖြစ် လက်ရှိ ဆောင်ရွက်နေသူဖြစ်သည်။ ပညာသင်ဆုရကျောင်းသားနှင့် ပါမောက္ခဟောင်းတစ်ဦးဖြစ်သူ Wang က ထိပ်တန်းနိုင်ငံရေးသမားများ မျက်စိကျခံရပြီးနောက် ရာထူးအဆင့်ဆင့်တိုးလာခဲ့သည်။ သမ္မတဟောင်းကျန်ဇီမင်းက ထောက်ခံချက်ပေးခဲ့သူလည်းဖြစ်ပြီး ၎င်း၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ရာထူးတိုးလာခဲ့သည်။ ကွန်မြူနစ်ပါတီ၏ အယူအဆ အများအပြား၏ နောက်ကွယ်တွင် Wang ရှိနေသည်ဟု ယူဆရသည်။

Cai Qi - အသက် (၆၇) နှစ်

Cai Qi - အသက် (၆၇) နှစ်

လက်ရှိတွင် ဘေဂျင်းမြို့တော်ဝန် ဖြစ်သည်။ ဖူကျန့်ပြည်နယ် နှင့် ကျဲ့ကျန်း ပြည်နယ်တို့တွင် ရှီကျင့်ဖျင်လက်အောက်၌ အလုပ်လုပ်ခဲ့ဖူးပြီး ရှီ၏ ရင်းနှီးသော မဟာမိတ်တစ်ဦး လည်းဖြစ်သည်။ ရှီကျင့်ဖျင်ကို အကြွင်းမဲ့ သစ္စာခံရန် တောင်းဆိုခဲ့သူဟု ဆိုသည်။

Ding Xuexiang - အသက် (၆၀) နှစ်

Ding Xuexiang - အသက် (၆၀) နှစ်

အတွင်းရေးမှူးချုပ်ရုံးနှင့် သမ္မတရုံး ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ အင်ဂျင်နီယာတစ်ဦးဖြစ်သူ Ding က ရှန်ဟိုင်းမြို့ရှိ အစိုးရနှင့်ဆက်နွယ်သည့် သုတေသနဌာနတွင် အလုပ်လုပ်ကိုင်ပြီး နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ရှီကျင့်ဖျင်၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ်မှစပြီး သမ္မတရုံး အကြီးအကဲဖြစ်လာပြီး သမ္မတရှီကျင့်ဖျင်၏ ဝန်ထမ်းအကြီးအမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၎င်းက ရှီကျင့်ဖျင်၏ စိတ်ကူးများကို အခိုင်အမာ အားပေးထောက်ခံသူဖြစ်ပြီး ရှီ၏ အယုံကြည်ရဆုံး လက်ထောက်များအနက် တစ်ဦးဖြစ်သည်။

Li Xi - အသက် (၆၀) နှစ်

Li Xi - အသက် (၆၀) နှစ်

လက်ရှိတွင် ကွမ်တုန်းပြည်နယ် ပါတီအတွင်းရေးမှူး ဖြစ်သည်။ ရှီကျင့်ဖျင်ကို သစ္စာစောင့်သိသူတစ်ဦးဖြစ်သလို ရှီ၏ မိသားစုနှင့်လည်း ရင်းနှီးသူဖြစ်သည်။ Li Xi က ၂၀၁၇ ခုနှစ်က လျောင်းနင် ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော စီးပွားရေးအချက်အလက်မများ လိမ်လည်မှု အရှုပ်အထွေးကို ကိုင်တွယ်ဖြေရှင်းခဲ့သူဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်း မော်စီတုန်းက ပါတီဌာနချုပ်အဖြစ် အသုံးပြုခဲ့သည့် နိုင်ငံရေး အရေးပါသည့် Yanan မြို့တွင် ကွန်မြူနစ်ပါတီခေါင်းဆောင် ဖြစ်ခဲ့သည်။

Source: BBC

Photo: Reuters