သေနတ် ဥပဒေတင်းကျပ်ရေး အမေရိကန်တွင် လူထောင်ပေါင်းများစွာ စုရုံးချီတက် ဆန္ဒပြ

Photo: REUTERS/Marco Bello
Photo: REUTERS/Marco Bello
သေနတ် ဥပဒေတင်းကျပ်ရေး အမေရိကန်တွင် လူထောင်ပေါင်းများစွာ စုရုံးချီတက် ဆန္ဒပြ
By Mr John

လူအစုလိုက် အပြုံလိုက်ကို ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် အမေရိကန်နိုင်ငံအတွင်း  ဇွန်လ (၁၁) ရက်နေ့က သေနတ်ဖြင့်အကြမ်းဖက်မှု တားဆီရန်နှင့် တင်းကျပ်သော သေနတ်ဥပဒေများ ပြဌာန်းရန် နိုင်ငံတဝန်း လူထောင်ပေါင်းများစွာ စုရုံးချီတက် ဆန္ဒပြခဲ့ကြသည်။ 

၂၀၁၈ ခုနှစ်က Parkland စာသင်ကျောင်း ပစ်ခတ်မှုတွင် အသက်ရှင်ခဲ့သူများ တည်ထောင်ထားသည့် March For Our Lives (MFOL) အဖွဲ့၏ အဆိုအရ အမေရိကန်တဝန်းတွင် စုရုံးချီတက် ဆန္ဒပြပွဲ (၄၅၀) ခန့် စီစဥ်ထားကြောင်း သိရသည်။

လူတွေ ဆက်ပြီးသေဆုံးနေစဥ် နိုင်ငံရေးသမားများကို ဘာမှမလုပ်ဘဲ ထိုင်နေခွင့်ပြုမည် မဟုတ်ကြောင်း ထိုအဖွဲ့က ပြောသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယခု ဆန္ဒပြမှုများကို အားပေးထောက်ခံခဲ့ပြီး သေနတ်လုံခြုံရေးဥပဒေ အတည်ပြုရန် ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုလိုက်သည်။ 

မေလ (၂၄) ရက်နေ့က တက္ကဆက်ပြည်နယ် Uvalde မြို့ရှိ Robb မူလတန်းကျောင်းတွင် အသက် (၁၈) နှစ်အရွယ် သေနတ်သမားက စာသင်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေး (၁၉) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူများကြား တုန်လှုပ်ခဲ့ရပြီး သေနတ်ထိန်းချုပ်ရေး ဆွေးနွေးပြောဆိုမှုများ မြင့်တက်လာခဲ့သည်။

ထိုဖြစ်ရပ်မတိုင်မီ မေလ (၁၄) ရက်နေ့ကလည်း နယူးယော့ခ်ပြည်နယ် လူမည်းရပ်ကွက်တစ်ခုရှိ စူပါမက်ကတ်တွင် အသက် (၁၈) နှစ်အရွယ် လူဖြူအမျိုးသားတစ်ဦးက လူမျိုးရေးမုန်းတီးမှုအရ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ (၁၀) ဦး သေဆုံးခဲ့သည်။ 

ထို့အပြင် ပင်ဆယ်လ်ဗေးနီးယား၊ တင်နက်ဆီ၊ မီချီဂန်၊ အိုကလာဟိုးမား၊ ကယ်လီဖိုးနီးယားနှင့် မေရီလန်း ပြည်နယ်တို့တွင်လည်း မကြာသေးမီက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

နိုင်ငံရေးခေါင်းဆောင်များ ဘာမှမလုပ်ခြင်းက အမေရိကန်တွေကို သတ်နေခြင်းဖြစ်သည်ဟု MFOL အဖွဲ့က ဝေဖန်ပြစ်တင်လိုက်သည်။ 

"လူတွေ ဆက်သေနေတုန်းမှာ ခင်ဗျားတို့ကို ဘာမှမလုပ်ဘဲ ထိုင်နေခွင့်ပြုတော့မှာ မဟုတ်ပါဘူး" ဟု ဘုတ်အဖွဲ့ဝင် Trevon Bosley က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အခြား မူဝါဒများအဖြစ် ချေမှုန်းရေးလက်နက်များ ကိုင်ဆောင်ခွင့်ပိတ်ပင်ရေး၊ သေနတ်ဝယ်ရန်ကြိုးပမ်းသူများကို နောက်ကြောင်းစစ်ဆေးခြင်းနှင့် သေနတ်ပိုင်ရှင်များကို မှတ်ပုံတင်စာရင်းလုပ်ထားမည့် လိုင်စင်စနစ် အကောင်အထည်ဖော်ရန် MFOL က တောင်းဆိုခဲ့သည်။

ဇွန်လ (၁၁) ရက် သေနတ်နှင့်ပတ်သက်သည့် စုရုံးချီတက် ဆန္ဒပြမှုများကို ဝါရှင်တန်၊ နယူးယော့ခ်၊ လော့စ်အိန်ဂျလိစ်နှင့် ချီကာဂို အပါအဝင် အမေရိကန်မြို့များတွင် ပြုလုပ်ခဲ့ကြသည်။ 

MFOL က စီစဥ်သည့် ပထမဆုံး ဆန္ဒပြမှုကို ၂၀၁၈ ခုနှစ်က ဖလော်ရီဒါပြည်နယ် Parkland မြို့ရှိ Marjory Stoneman Douglas အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ထိုပစ်ခတ်မှုအတွင်း ကျောင်းသူကျောင်းသား (၁၄) ဦးနှင့် လူကြီးအရွယ် (၃) ဦး သေဆုံးခဲ့သည်။

Source: BBC, Reuters