အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရေကြီးမှုအတွင်း လူဦးရေ သန်းနှင့်ချီ သောင်တင်နေပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ရုန်းကန်နေရ

Photo: REUTERS/Stringer
Photo: REUTERS/Stringer
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရေကြီးမှုအတွင်း လူဦးရေ သန်းနှင့်ချီ သောင်တင်နေပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ရုန်းကန်နေရ
By Mr John

အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တွင် ပြင်းထန်သည့် မုတ်သုံရာသီ မုန်တိုင်းများကြောင့် မိုးကြိုးပစ်မှု၊ ရေကြီးမှုနှင့် မြေပြိုမှုများအတွင်း သေဆုံးသူအရေအတွက်မှာ အနည်ဆုံး (၅၉) ဦး ရှိလာခဲ့ပြီး ရေကြီးမှုအတွင်း သောင်တင်နေသည့် လူဦးရေ (၉) သန်းကျော်ထံ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ကယ်ဆယ်ရေးသမားများ ရုန်းကန်နေရကြောင်း သိရသည်။ 

ထိုနိုင်ငံနှစ်ခုတွင် လာမည့် ရက်အနည်းငယ်အတွင်း ရေကြီးမှု ပိုမိုဆိုးရွားလာနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

လက်ရှိ ကြုံတွေ့နေရသည့် ရေကြီးမှုမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း နိုင်ငံ၏ အဆိုးဆုံး ရေကြီးမှုဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိများက ပြောသည်။ 

ဘင်္ဂလားဒေ့ရှ် အနိမ့်ပိုင်းနေရာများတွင် မုတ်သုံမိုးသည်းထန်မှုကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း  Sylhet‌ ဒေသတွင် ရေကြီးရေလျှံမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ (၁၅) သန်းအနက် လေးပုံတစ်ပုံမှာ သောင်တင်နေခဲ့ကြောင်း သိရသည်။

"အခုရေကြီးမှုက Sylhet ဒေသမှာ (၁၂၂) နှစ်အတွင်း အဆိုးဆုံးပဲ" ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရယ်ဆိုင်ရာဌာန အထွေထွေညွှန်ကြားရေးမှူး Atiqul Haque က ပြောသည်။ 

အိန္ဒိယနိုင်ငံ Meghalaya ပြည်နယ်ရှိ တောင်ကုန်းများမှ စီးဆင်းလာသည့် ရေများကြောင့် Sylhet တွင် ရေကြီးရေလျှံမှု အခြေအနေ ပိုဆိုးလာခဲ့သည်ဟု ဆိုသည်။

 Meghalaya ပြည်နယ်အတွင်းရှိ Mawsynram နှင့် Cherrapunji မြို့တို့တွင် ဇွန်လ (၁၉) ရက်နေ့က မိုးရေချိန် (၃၈) လက်မစီ ရွာသွန်းခဲ့ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်၏ Sylhet ဒေသတွင် လူဦး‌ရေ ၃၀၀,၀၀၀ ခန့်ကို ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ သို့သော် လူဦးရေ (၄) သန်းကျော်မှာ ရေနစ်မြုပ်နေသည့် ၎င်းတို့၏ နေအိမ်များတွင် သောင်တင်နေဆဲဖြစ်သည်။

 အဆိုပါ သန်းနှင့်ချီသည့် သောင်တင်နေသူများထံသို့ သောက်ရေနှင့်ဆေးဝါး အပါအဝင် အကူအညီများ ပေးပို့ရန် အာဏာပိုင်များအတွက် စိန်ခေါ်မှုကြုံနေရသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံ အာဆမ်ပြည်နယ်တွင် လွန်ခဲ့သည့် သီတင်းနှစ်ပတ်မှစပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုများအတွင်း အနည်းဆုံး လူ (၂၆) ဦး သေဆုံးခဲ့ကြောင်းနှင့် ရေကြီးမှု စတင်ကျဆင်းနေပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။ 

သို့သော် အာဆမ်ပြည်နယ်ရှိ လူဦးရေ (၄.၅) သန်း နေအိမ်စွန့်ခွာ ရွေ့ပြောင်းခဲ့ရပြီး လူဦးရေ ၂၂၀,၀၀၀ ခန့်မှာ အစိုးရက စီစဥ်ပေးသည့် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေကြရကြောင်း နှင့် အာဆမ်ပြည်နယ်တွင် လယ်ယာမြေ ဟက်တာ (၁) သန်းကျော် ရေနစ်မြုပ်ခဲ့ကြောင်းလည်း သိရသည်။

တောင်အာရှဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဖြစ်ကြသည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် မကြာသေးမီ နှစ်များအတွင်း ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ ကြီးမားသည့်ပမာဏ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

 ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များကို အထူးသဖြင့် လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ်တွင် ပိုမိုကြုံတွေ့ရနိုင်ကြောင်း  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးကြသည်။



Source: Reuters, BBC