လူသတ်အားပေး ဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသားက ကန့်ဘလူမြို့နယ်အတွင်း  အမျိုးသားများအားလုံး ပြည်သူ့စစ်ထဲ ဝင်ရန် ဖိအားပေး လုပ်ဆောင်

လူသတ်အားပေး ဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသားက ကန့်ဘလူမြို့နယ်အတွင်း  အမျိုးသားများအားလုံး ပြည်သူ့စစ်ထဲ ဝင်ရန် ဖိအားပေး လုပ်ဆောင်
အောက်တိုဘာ 23, 2022 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်းဒေသအတွင်း လူသတ်အားပေးဘုန်းကြီးဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝအမည်ခံ သင်္ကန်းဝတ် အမျိုးသားသည်  စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီအတွက် ဖိအားပေး စည်းရုံးရေး ဆက်လက်ဆင်းနေပြီး ပျူစောထီးဟု ခေါ်သည့် ပြည်သူ့စစ်များ ဖွဲ့စည်းကာ PDF များကို ဖမ်းဆီး သတ်ဖြတ်ရာ လိုက်လံ ဟောပြောနေကြောင်း ဒေသခံများထံက သိရသည်။

၅၅၀ မှော်တော်ဆရာတော်အမည်ခံ သင်္ကန်းဝတ် အမျိုးသားသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့က ကန့်ဘလူခရိုင်အတွင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများသို့ သွားရောက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ဒေသခံများ ပူးပေါင်းရေးအတွက် ဟောပြောပြီး ဒေသခံအမျိုးသားများကို အတင်းအဓမ္မခြိမ်းခြောက်ကာ ၎င်းတို့၏ ပျူစောထီးဟု ခေါ်သည့် ပြည်သူ့စစ်အဖွဲ့ထံ ဝင်ရောက်ရန် ဖိအားပေးနေသည်ဟု သိရသည်။

"ကျေးရွာထဲ သူ့နောက်က လက်နက်ကိုင်တွေနဲ့ ရောက်လာပြီး ပြည်သူ့စစ်ထဲ ဝင်ဖို့၊ မဝင်ရင် မင်းတို့တွေ ဖမ်းခံရမယ်။ စစ်တပ်ကို ဆန့်ကျင်တာတွေ မလုပ်နဲ့ လုပ်တာနဲ့ မင်းတို့ ဒုက္ခရောက်ကုန်မယ် လို့ ပြောပြီး ခြိမ်းခြောက်ပြောဆိုတယ်။ PDF တွေကိုလည်း ရစရာမရှိအောင် ပြောတယ်။ သူ့ရဲ့ ပြောပုံ ဆိုပုံက ဘုန်းကြီးတစ်ပါးလိုမဟုတ်ဘူး။ ဒေါကြီး မောကြီးနဲ့ကို ပြောတာ။ သာသနာ့အရေကို ခြုံပြီး သင်္ကန်းကို အကာအကွယ်လုပ်ပြီး ခုလိုတွေ  လိုက်စည်းရုံးနေတယ်။ ကျေးရွာသားတွေက သိတဲ့အတိုင်းပဲ ဘုန်းကြီးဆိုတော့ ဘာမှပြန်မပြောဝံ့သလို သူ့နောက်မှာ ပါလာတဲ့ ပျူစောထီးတွေကလည်း သေနတ်တွေနဲ့ဆိုတော့ ကြောက်ရတယ်လေ"ဟု ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၁၅)ရက်နေ့ကလည်း  ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စုအတွင်းရှိ လယ်လှကျေးရွာတွင်လည်း ပြည်သူ့စစ်သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့ပြီး အာဏာသိမ်းစစ်တပ်က ချပေးသည့် သေနတ်များကို အဆိုပါ ပြည်သူ့စစ်များအား ပေးအပ်ခြင်း နှင့်အတူ PDF များကို နှိမ်နင်းရန် အထူးဟောပြောခဲ့သည်ဟု သိရသည်။

၎င်းသည် ၂၀၂၂ခုနှစ်၏ အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စုပေါင်း (၈၅)စုရှိ ကျေးရွာပေါင်း (၂၉၆)ရွာတွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်များကို အလုံးစုံ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။ 

ကန့်ဘလူ ၅၅၀ ဆရာတော် ဦးဝါသဝ အမည်ခံ အမျိုးသားသည် ကျေးရွာများအတွင်း ဒေသခံအမျိုးသားများအားလုံး အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)ထဲသို့ ဝင်ရောက်ရန်အတွက် လုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ၎င်းကိုယ်တိုင် ပြည်သူ့စစ်အဖွဲ့များအတွက် ကျည်ကာအင်္ကျီများကို တစ်ထည်လျှင် ကျပ်(၄၅၀၀၀)နှုန်းဖြင့် အလှူခံပေးနေကြောင်းဟု သိရသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘာသာရေးကို အသုံးချပြီး ဘာသာရေး အသင်းအဖွဲ့များကို အခွင့်အရေးများပေးကာ ပြည်သူများက ၎င်းအား ယုံကြည်မှု ရှိလာရန် အမျိုးမျိုး လုပ်ဆောင်နေရာတွင် ယခုလို ကျေးရွာများအတွင်း ပြည်သူ့စစ်များ ဖွဲ့စည်းရေးလည်း  အဓိက ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများတွင် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များအား နှင့်  ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်း တွေ့ဆုံနေပုံ

#TachileikNewsAgency