ကန့်ဘလူမြို့နယ်မြောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ တော်လှန်ရေး တပ်များ သိမ်းဆည်းရရှိ

ကန့်ဘလူမြို့နယ်မြောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ တော်လှန်ရေး တပ်များ သိမ်းဆည်းရရှိ
နိုဝင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာသည့် အင်အား(၃၀၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းအား ယနေ့ နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း Infinity Group ထံမှ သိရသည်။ 



 

ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော အဆိုပါစစ်ကြောင်းအား ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးသွားကြောင်း ဖော်ပြထားသည်။

"မနက်အစောပိုင်း (၅) နာရီလောက်ကတည်းက ဒီဘက်ထိုးလာတဲ့ ခွေးစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာ။ ၁၀ နာရီလောက်မှ တိုက်ပွဲနားသွားတယ်။ သေတဲ့ကောင်တွေ အများကြီးပဲ။ ပြေးမိ ပြေးရာ ထွက်ပြေးသွားတဲ့ ကောင်တွေလဲ အများကြီး။ လက်နက်တွေလဲ အများကြီးပဲရတယ်။ အားရစရာကြီး။"ဟု ရှေ့တန်းသတင်းရင်းမြစ်က Infinity Group သို့ပြောသည်ဟု ဖော်ပြထားသည်။

#TachileikNewsAgency

Photo: Infinity Group