တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးလုပ်ရန် စစ်ခေါင်းဆောင် ကမ်းလှမ်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးလုပ်ရန် စစ်ခေါင်းဆောင် ကမ်းလှမ်း
ဇန်နဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးလုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ကရင်နီပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုသည်။

ကရင်နီပြည်နယ်အပါအဝင် အထူးသဖြင့်တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာ ခံစားနေကြရပြီး နိုင်ငံအတွက်အန္တရာယ်များလာနိုင်သဖြင့်  သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသား ပြည်သူအားလုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးထားစဉ်းစားဆောင် ရွက်သင့်ပြီဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။ 

ကရင်နီပြည်နယ်တွင် တော်လှန်ရေးတပ်များက ဒေသတွင်း တည်ငြိမ်နေမှုများ ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်စည်စီးဆင်းမှု ပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းတို့အပြင် အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ရုံးအဆောက်အအုံများကို ဖျက်ဆီးခဲ့ခြင်းများသည် လွန်စွာမှ အကျည်းတန် ရုပ်ဆိုးလှပြီး ပြည်သူလူထု အတိဒုက္ခရောက်စေခြင်းကို ဖြစ်ပေါ်စေသည်ဟု စွပ်စွဲသည်။

အဆိုပါ အခြေအနေများ၏ အကျိုးဆက်သည် ကရင်နီပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထား ဆင်ခြင်နိုင်ကြရန် လိုအပ်ကြောင်း ပြောဆိုသည်။ 

တိုင်းရင်းသားများအနေဖြင့် မတူညီသောဆန္ဒများကို ရှေ့တန်းတင်ဆောင်ရွက်နေမည်ဆိုပါက အချင်းချင်းအကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက် ရင်ဆိုင်နေကြရမည်ဖြစ်ပြီး နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟုလည်း ဆိုသည်။ 

နိုင်ငံတဝှမ်းလုံးတွင် မြို့ရွာများကို တိုက်ခိုက်ခြင်း၊ အများပြည်သူပိုင် မော်တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ ရုံးအဆောက်အအုံများကို ဖျက်ဆီးခဲ့ခြင်းများမှာ စစ်ကောင်စီကသာ ပြုလုပ်နေခြင်းဖြစ်သည်ဟုလည်း တော်လှန်ရေးအဖွဲ့များက ပြောဆိုသည်။

ရှမ်းမြောက်တွင်လည်း ညီနောင်(၃)ဖွဲ့နှင့် အပစ်ရပ်ပြီဟုဆိုကာ စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ TNLA တပ်စခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခြင်း၊ လူအင်အားဖြည့်တင်းခြင်းများကို ပြုလုပ်နေသည်။

#TachileikNewsAgency