ကမ်းထောင့်ကြီးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးများကျကာ ဒေသခံ ၁၈ ဦးကျော် ဒဏ်ရာရပြီး နှစ်ဦးဒဏ်ရာပြင်းထန်

ကမ်းထောင့်ကြီးမြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးများကျကာ ဒေသခံ ၁၈ ဦးကျော် ဒဏ်ရာရပြီး နှစ်ဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ဒေသခံ (၁၈)ဦးကျော် ဒဏ်ရာရပြီး ကလေးတစ်ဦးအပါအဝင် (၂)ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့နယ် ကဇုကိုင်း‌ကျေးရွာ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး(၅)လုံးမှာ ကမ်းထောင့်ကြီးမြို့နယ်  ရွာသစ်ရပ်ကွက်၊ ရခိုင်ကုန်းရပ်ကွက်နှင့် သရက်တောင်ကျေးရွာအထွက်၊ တပ်ရာကျေးရွာအထွက်တို့ကို ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

"ရွာကိုထွက်တဲ့ လမ်းဝတွေမှာ လက်နက်ကြီးကျတာ။ လက်နက်ကြီး (၅)လုံးကျတာ (၄)လုံးပေါက်ကွဲတယ်။ နောက်တစ်လုံးက မပေါက်ကွဲဘူး။ ဒဏ်ရာရစာရင်းတော့ အသေးစိတ်မသိရဘူး။ မြို့မှာလည်း လူက သိပ်မရှိဘူး။ (၁၈)ယောက်လောက် ဒဏ်ရာရတယ်။ (၂)ဦးကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်၏ အဆက်မပြတ်ပစ်ခတ်သည့် လက်နက်ကြီးကျည်များအနက် ရွာသစ်ရပ်ကွက်သို့ လက်နက်ကြီးတစ်လုံးကျကာ ထိမှန်သည့် (၁၄)နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အပြင် မိခင်ဖြစ်သူမှာ လက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု သိရသည်။

"အိမ်တွေကတော့ (၅)လုံးလောက် ပြိုကျသွားတယ်။ ဒဏ်ရာပြင်းထန်တယ်။ ကျန်တာကတော့ သိပ်မပြင်းထန်ဘူး။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

မြေပုံမြို့နယ်သည် ရခိုင်ပြည်မြောက်ပိုင်းတွင် ပါဝင်သော်လည်း ကမ်းထောင့်ကြီးတိုက်နယ်မြို့မှာ ရခိုင်တောင်ပိုင်း အမ်းမြို့နှင့် နီးကပ်သည့် မြို့နယ်ခွဲတစ်ခုဖြစ်ကာ တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်နေပြီဖြစ်ကြောင်း သိရသည်။



 

"မြို့ပေါ်မှာ (၁၀)ပုံပုံရင် (၉)ပုံလောက်က မရှိတော့ပါဘူး။ တစ်ပုံလောက်ရှိတဲ့သူတွေက ဒဏ်ရာရသွားတာဆိုတော့လေ။ ဒဏ်ရာရတဲ့သူတွေကို နီးစပ်ရာသူတွေက ကူညီပေးထားကြတယ်။"ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မြေပုံမြို့နယ် စညှင်းရွာအနီးတဝိုက်ကိုလည်း ယနေ့တွင် ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင် သွားကြောင်း သိရသည်။

စညှင်းရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ၍ ရွာအတွင်းသို့ ကျရောက်ခဲ့သော်လည်း ဒေသခံများ တိမ်းရှောင်နေကြသဖြင့် အထိအခိုက်မရှိဟု သိရသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် မတ်လ(၂၄)ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၃၇၁)၊ ခမရ(၃၇၂)၊ ခမရ (၃၇၃)တပ်ရင်း၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(G.E)၊ စစ် မြေပြင်အင်ဂျင်နီယာတပ်(B.E)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ko Maung Bu