မင်းပြားမြို့တွင် သိမ်းပိုက်ရန် တစ်ခုတည်းသာ ကျန်နေသည့် စစ်ကောင်စီ၏ အမှတ် (၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသိပေး

မင်းပြားမြို့တွင် သိမ်းပိုက်ရန် တစ်ခုတည်းသာ ကျန်နေသည့် စစ်ကောင်စီ၏ အမှတ် (၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသိပေး
ဖေဖော်ဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် တစ်ခုတည်းသောကျန်နေသည့် စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများ လက်နက်ချရန် အသိပေးထားကြောင်း သိရသည်။

မင်းပြားမြို့၊ ကမ်းနီရွာနှင့် မေလွန်းရွာအနီးတွင်ရှိသည့် စစ်ကောင်စီတပ်၏ အမှတ် (၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ နည်းဗျူဟာ(၂) ခမရ (၃၇၉)၊ ခမရ (၃၈၀) နှင့် ခမရ (၅၄၁) တို့အား ရက္ခိုင့်တပ်တော်(AA)မှ အပြီးသတ် သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ထုတ်ထုတ်ပြန်ခဲ့သည်။

မင်းပြားမြို့ ကျိန်းတောင်ရှိ လက်နက်ကြီးကုန်းကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့က သိမ်းပိုက်ပြီး ဇန်နဝါရီ လ (၂၈)ရက်နေ့တွင် ခမရ(၃၈၀)တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ကျန်ရှိ ခမရ (၃၇၉)နှင့် ခမရ(၅၄၁) တပ်ရင်းတို့ကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ထပ်မံသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း အမှတ်(၉)တော့ ကျန်သေးတယ်။ အဲဒီစခန်းက အမ်း-ရန်ကုန် အဝေးပြေးလမ်းပေါ်မှာရှိတာ။ မင်းပြားမြို့နဲ့ဆို နည်းနည်းတော့ ဝေးတယ်။ မြို့ကို AA ထိန်း ချုပ်ထားပေမယ့် ပြန်ဝင်မရသေးဘူး။ ဒေသခံတွေက ရွာတွေဘက်ကို တိမ်းရှောင်နေကြရတာ။”ဟု မင်းပြားမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

တိုက်ပွဲပြင်းထန်ခဲ့သည့် မင်းပြားမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၅)တပ်က စစ်ကူလာစဉ် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။

 

မင်းပြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီး အလောင်းပင် ကောက်ယူနိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ကြောင်း AAနှင့် နီးစပ်သူများကဆိုသည်။

အခြားသောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရက္ခိုင့်တပ်တော်မှ အဆိုပါစစ်‌ကောင်စီတပ်စခန်းများကိုလည်း စောစီးစွာ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးထားသည်။

စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှ လွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေရပြီး  အင်အား (၁၀၀) အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ပတ်အတွင်း သိမ်းပိုက်ရယူနိုင်သကဲ့သို့ အချို့သောစခန်းများကိုမူ ရက်ပိုင်းမျှသာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် အလုံးစုံသိမ်းပိုက်ရယူနိုင်သည့် အခြေအနေဖြစ်သည်။

စစ်ကောင်စီ၏ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့မှာ တစ်ရက်ပြီးတစ်ရက်ကျဆင်းနေပြီး စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းတိုင်းအတွက် မဟာအခွင့်အရေးဖြစ်သဖြင့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန်လည်း AA က နှိုးဆော်တိုက်တွန်းထားသည်။