တာချီလိတ်ယာဉ်ထိန်းရဲက ကျည်ကာဝတ်ပြီး ကားများကို စစ်ဆေး 

တာချီလိတ်ယာဉ်ထိန်းရဲက ကျည်ကာဝတ်ပြီး ကားများကို စစ်ဆေး 
အောက်တိုဘာ 21, 2022 | 2021 Military Coup| ရှမ်းရှေ့



မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နယ်စည်းမခြား ပြောက်ကျားရဲဘော်များဖြစ်သည့် Eastern Red Lion က "သွေးမအေးနဲ့ တာချီလိတ် ငါတို့ပြန်လာမယ်၊ ဖောက်ပြန်သူမှန်သမျှ မရှင်သန်စေရ ရဲဘော်များကို ကူညီပါ"ဆိုသည့် စာသားများပါသော စာရွက်များကို မြို့တွင်းနေရာများတွင် ဖြန့်ဝေခြင်းနှင့်  လိုက်လံ ကပ်ထားမှုများအဖြစ် လုပ်ဆောင်ခဲ့ပြီးနောက် တာချီလိတ်မြို့တွင်း ယခင်ကထက် တင်းကြပ်စွာ စစ်ဆေးနေပြီး ယာဉ်ထိန်းရဲများကပါ ကြောက်လန့်ပြီး ကျည်ကာ အင်္ကျီများ ဝတ်ဆင်ပြီးမှ စစ်ဆေးရေး လုပ်ဆောင်နေရကြောင်း သိရသည်။

ယနေ့  ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့၏ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့အပြင် စစ်ဗျူဟာတပ်မှ မယ်ယန်းဘက်သို့ သွားရာလမ်းဖြစ်သည့် ဝမ်ကျောက်လုံးဘက်တွင် ယာဉ်များကို စစ်ဆေးမှုများ လုပ်ဆောင်နေသည့် ယာဉ်ထိန်းရဲများက ကျည်ကာအင်္ကျီများကို ဝတ်ဆင်ပြီး စစ်ဆေးနေသည်ကို တွေ့ရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဗုံးခွဲခံရပြီး ပစ်ခတ်ခံရမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တာချီလိတ်ယာဉ်ထိန်းရဲသည် ၎င်းတို့၏ ရုံး အလွယ်တကူ ဗုံးခွဲခြင်း မခံရရန်အတွက် သံဇကာဖြင့် အမြင့်ဆုံးကာပြီး ခြံခတ်ထားကာ ယာဉ် စစ်ဆေးမှုများကို ရပ်နားခဲ့ရာမှ ယခုအခါတွင် ပြန်လည် လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

"သူတို့က အရမ်းတွေကြောက်နေတာ၊ ငွေကတော့ အတောင်းကြမ်းဆုံးပဲ။ အရင်ကတော့ တာချီလိတ်က သေနတ်ပေါတော့ အဲ့ဒါကို ကြောက်ခဲ့ရပေမဲ့ အခု တော်လှန်ရေးကာလမှာ သူတို့ကို ဘယ်ချိန် ဗုံးလာခွဲမလဲဆိုပြီးလည်း ကြောက်နေပုံရတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။

တာချီလိတ်မြို့တွင် ညပိုင်း စစ်ဆေးမှုများကို ရီဂျီနားမှဝမ်မိုင်ရွာသို့ အဆင်းလမ်း၊ ဂေါက်ကွင်းအဆင်းလမ်း၊ 1G1 နှင့် ကြက်ခြေနီရုံးအနီး လမ်း၊ ပါလျှံမီးပွိုင့်လမ်းဆုံ၊ ရွှေဘူးသီးဟိုတယ်ရှေ့အနီး၊ ဟောင်လိတ်မီးပွိုင့်အနီး နှင့် မြို့တွင်းနေရာများတွင် ရှောင်တခင် ရွေ့လျားစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သတင်းရင်းမြစ်များထံက သိရသည်။

တာချီလိတ်မြို့တွင် စစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် အောက်တိုဘာလ(၂၀)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency