အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မှုများ မရှိရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားသည်ဟု ဆို

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မှုများ မရှိရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားသည်ဟု ဆို
ဇန်နဝါရီ 21, 2023 | 2021 Military Coup| ရှမ်းရှေ့

 အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ခြိမ်းခြောက်မှုများ မရှိရန်အတွက် စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားသလို စစ်တိုင်းများ၏ လုံခြုံရေးလည်း စီမံထားကြောင်း အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တာချီလိတ်ခရီးစဉ်တွင် ပြောကြားသွားသည်။

"ကျွန်တော်တို့  အစိုးရအနေနဲ့ကတော့ ရွေးကောက်ပွဲကို မဲပေးနိုင်အောင် ပြင်ဆင်နေပါပြီ။ ဒါကတော့ ကျွန်တော်တို့ အစိုးရပိုင်း။ အဲ့တော့တစ်ဖက်က မဲပေးနိုင်အောင်လည်း သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးက သေချာ ကြပ်မတ်ရမယ်။ တချို့က ခြိမ်းခြောက်ခံရတယ်။ ဟေ့ရောင် မင်း မဲသွားမပေးနဲ့ သတ်ပစ်မယ် အဲ့လိုမျိုးတွေ မရှိအောင်တော့ သေချာ မှာလိုက်တာ။ ဒါကြောင့်မို့ ဒီလုံခြုံရေးအတွက် အခြေခံ စစ်ကြောင်းကြီး (၅)ကြောင်း၊ နောက်ပြည်သူ့ လုံခြုံရေးအဖွဲ့ ဖွဲ့ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီတော့ စစ်ကြောင်းကြီး (၅)ကြောင်းကို တကယ်ကို ထိထိမိမိလုပ်ဖို့ မှာလိုက်ပါတယ်။ "ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပြောကြားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် တာချီလိတ်မြို့သို့ ရောက်ရှိပြီးနောက် တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့က တွေ့ဆုံပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ပေး မှာကြားချက်များကို ၎င်းအနေဖြင့် ပြန်လည်၍ ယခုလို ပြောပြခြင်း ဖြစ်သည်။

"ဒါကြောင့်မို့ ဒီရွေးကောက်ပွဲဟာ  ဘာပဲပြောပြော ကျွန်တော်တို့ အားလုံး  သေချာလုပ်မှာ ဖြစ်တဲ့အတွက်ကြောင့်   ကျွန်တော်တို့က လုံခြုံရေးက အစ၊ နောက် ဒီခြိမ်းခြောက်မှု မခံရရေးက အစ အကုန်လုံးကို သေချာကြပ်မတ်ဖို့လိုပါတယ်။  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေ ပေါင်းစပ်ပြီးတော့မှ လုံခြုံရေးအကာအကွယ်ပေးနိုင်ဖို့ သေချာမှာလိုက်ပါတယ်။"ဟု ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ်၏ ဩဂုတ်လအတွင်း၌ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားပြီးနောက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များကနေ ကျေးရွာများအထိ လဝက၊ ထွေအုပ် နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အပါအဝင် သက်ဆိုင်ရာဌာနများဖြင့် လူဦးရေစာရင်းများ ပြုလုပ်နေလျှက်ရှိကြသည်။