တာချီလိတ်မြို့တွင် လတ်တလောအခြေအနေအရ အောက်ဆီဂျင်ဖြည့်ရန် အကူအညီလိုအပ်သူများ အလင်းရောင်ပရဟိတအသင်းသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်

တာချီလိတ်မြို့တွင် လတ်တလောအခြေအနေအရ အောက်ဆီဂျင်ဖြည့်ရန် အကူအညီလိုအပ်သူများ အလင်းရောင်ပရဟိတအသင်းသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်
သြဂုတ် 9, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်ဆီဂျင်အိုး ဖြည့်ရန်လိုအပ်သူများအတွက် အလင်းရောင်ပရဟိတအသင်းက ထိုင်းနိုင်ငံ မယ်ကျန့် အထိ အိုးလွတ်များ ပို့ဆောင်ပေးကာ ဖြည့်ပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

အိုးတစ်လုံးကို ဟိုဖက်မှာ လေဖြည့်တာက ဘတ်(၁၅၀)ပဲကျတယ်၊ ကုမ္ပဏီက မယ်ဆိုင်အထိ လာယူပေးတယ်။ လေဖြည့်ပြီးရင် မယ်ဆိုင်အထိ လာပို့ပေးတယ်။ လေဖြည့်ခကတော့ ဘတ်(၁၅၀)ပဲရှိတယ်။ ဒါပေမဲ့ တံတားဖြတ်တာကတော့ မြန်မာဘက်က ကုန်ကျမှုမရှိဘူး။ ထိုင်းဘက် အဝင်အထွက်ကတော့ က ကုန်ကျမှုရှိတယ်။

ဟု အလင်းရောင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 လက်ရှိတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ Covid-19 ကူးစက်ခံရသူများ အပါအဝင် အောက်ဆီဂျင်ပေးထားရသည့် လူနာများပြားသည့်အတွက် အောက်ဆီဂျင် အခက်အခဲကြောင့် ဆေးရုံမှ ထုတ်သည့် အောက်ဆီဂျင်အပါအဝင် ထိုင်းဘက်မှ ဖြည့်သွင်းရသည့် အောက်ဆီဂျင်များဖြင့်ပါ ကုသပေးနေရကြောင်း သိရသည်။

ဆေးရုံမှာ အောက်ဆီဂျင်ထုတ်တဲ့ စက်က မနိုင်ဘူးဖြစ်နေတယ်။ မနိုင်တဲ့အခါကြတော့ ဆေးရုံက အိုးတွေကိုလည်း ဟိုဖက်ကို ယူသွားပြီး ဖြည့်ပေးနေတာ။ လောလောဆယ်မှာတော့ လည်ပတ်နေသေးတယ်။ အဓိက ကတော့ ဆေးရုံမှာ အိုးခွံ လုံလုံလောက်လောက်မရှိတာလည်းပါတယ်။ ဆေးရုံမှာ အိုးခွံလုံလုံလောက်လောက်ရှိနေရင် အိုးရေထွက်သလောက်ကို လဲပေးနေလို့ရတယ်။ ဆေးရုံရဲ့ ထုတ်ပေးနိုင်တဲ့ စက်ကလည်း နည်းနည်းပဲ ထုတ်ပေးနိုင်သေးတာ

ဟု အလင်းရောင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးရုံတွင် အောက်ဆီဂျင်ပေးထားသည့် လူနာအချို့မှာ နှာခေါင်းမှ ပိုက်ဖြုတ်သည့်အခါမှာ အောက်ဆီဂျင်အိုးကို မပိတ်မိဘဲ ဒီအတိုင်းထားမိမှုများရှိသည့်အတွက် အလေ အလွှင့်မဖြစ်စေရေး လူနာရှင်များအနေဖြင့် သတိထားရန်လိုအပ်ကြောင်း ကျန်းမာရေးဌာနကလည်း အသိပေးထားသည်။

တာချီလိတ်မြို့တွင် ဆေးရုံသို့ မသွားချင်၍ မိမိနေအိမ်တွင်သာ အောက်ဆီဂျင်ပေးထားပြီး ကုသမှုခံယူနေသည့် ရောဂါအခံရှိသည့် Covid-19 ကူးစက်ခံရသူ အများအပြားရှိနေပြီး အောက်ဆီဂျင်အခက်အခဲဖြစ်ပေါ်လာသည့်အခါ လူမှုကူညီရေးအသင်းအဖွဲ့များထံ ဆက်သွယ်အကူအညီတောင်းခံနေရသော်လည်း လူမှုကူညီရေးအသင်းအဖွဲ့များမှာလည်း အောက်ဆီဂျင်အိုးများ လုံလုံလောက်လောက် မရှိထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လက်ရှိမှာ အောက်ဆီဂျင်ဖြည့်ပေးသည့်နေရာမှာ ခရိုင်ပြည်သူ့ဆေးရုံကြီးတစ်ခုတည်းမှာသာရှိနေပြီး တစ်ခါဖြည့်သွင်းပါက (၁၀)လုံးသာ ဖြည့်သွင်းနိုင်သည့်အပြင် အချိန်(၄)နာရီဝန်းကျင်ကြာမြင့်သည့် အတွက် လုံလောက်မှုမရှိ၍ အလင်းရောင်ပရဟိတအသင်းက အောက်ဆီဂျင်လိုအပ်ချက်များကို ယခုလို ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 အောက်ဆီဂျင် ဖြည့်ရန်အကူညီများနှင့် ပတ်သက်၍  အလင်းရောင်ပရဟိတအသင်းမှ  ကိုနိုင်စိုး  - 09692067299, ကိုမြင့်သူ 09263723450, ကိုနိုင်ထွန်း 09264747784 နှင့် ကိုဘိုဘိုကျော် 09693030091 တို့ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိသည်။

အလင်းရောင်ပရဟိတအသင်းက တာချီလိတ်မြို့တစ်မြို့တည်းမဟုတ်ဘဲ လတ်တလောလိုအပ်ချက်အရ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ မိုင်းဖြတ်၊ ကျိုင်းတုံအပါအဝင် အခြားမြို့များက အကူအညီတောင်းသည်များကိုလည်း လက်ခံပေးပြီး ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။



လက်ရှိတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်မှာ ဆေးရုံအတွက် လုံလောက်မှု ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက အောက်ဆီဂျင်စက်ရုံ အလျင်အမြန်တည်ဆောက်ရန် စီစဉ်ထားစဉ်ကာလအတွင်း အောက်ဆီဂျင်လိုအပ်သူများ အဆင်ပြေစေရန် အလင်းရောင်လူမှုကူညီရေးအသင်းက ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့အတွက် တစ်နာရီလျှင် အောက်ဆီဂျင် (၄၀) လီတာဆံ့အိုးပေါင်း (၂၆၀) လုံးဝန်းကျင်ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ကို ဦးလှအေး(ခ)ဦးအားတီ(စံလင်းဖြိုးကုမ္ပဏီ)မိသားစုက မှာယူထားပြီး  ဩဂုတ်လ (၁၂) ရက်မှ (၁၅) ရက်နေ့အတွင်း တာချီလိတ်သို့ ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။