တာချီလိတ်အနီး မယ်ဆိုင်ဘက် တံတားထိပ်တွင် လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားသူမှာ ဝူဟန်လူနာမဟုတ် ယာဉ်တိုက်မှု လူနာဖြစ်ကြောင်း အတည်ပြ

တာချီလိတ်အနီး မယ်ဆိုင်ဘက် တံတားထိပ်တွင် လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားသူမှာ ဝူဟန်လူနာမဟုတ် ယာဉ်တိုက်မှု လူနာဖြစ်ကြောင်း အတည်ပြ
ဇန်နဝါရီ 29, 2020
By Tachileik News Agency

တာချီလိတ်အနီး မယ်ဆိုင်ဘက် တံတားထိပ်တွင် လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားသူမှာ ဝူဟန်လူနာမဟုတ် ယာဉ်တိုက်မှု လူနာဖြစ်ကြောင်း အတည်ပြု

မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်ခြမ်း နယ်စပ်ဂိတ်အနီးတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းက လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားသူမှာ မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရလူနာဖြစ်ကြောင်း မယ်ဆိုင်ကျန်းမာရေးဌာနက တာချီလိတ်ဘက်သို့ ဆက်သွယ်သတင်းပေးပို့ကြောင်း သိရသည်။

“မနက်က လူနာက Road Traffic Accident လို့ သတင်းပို့လာတယ်။ မျက်နှာနဲ့ ခေါင်းမှာထိသွားတယ်လို့ သိရတယ်”

ဟု တာချီလိတ်မြို့တွင် ဝူဟန်အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးရေးတွင် တာဝန်ယူဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ နေ့လယ် (၁၂)နာရီခွဲတွင် အတည်ပြုပြောကြားသည်။

နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် တာချီလိတ်နှင့် မယ်ဆိုင်ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်း အမှတ် (၁)ချစ်ကြည်ရေးတံတားရှိ နယ်စပ်ဂိတ်များတွင် ကော်ရိုနာဗိုင်းရပ်စ်(ဝူဟန်အဆုတ်ရောင်ရောဂါ) သံသယလက္ခဏာများ စောင့်ကြည့်စစ်ဆေးခြင်းကို တာချီလိတ်ဘက်ခြမ်းတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့နှင့် မယ်ဆိုင်ဘက်ခြမ်းတွင် ဇန်နဝါရီလ (၅)ရက်နေ့၌ အသီးသီးစတင် ဆောင်ရွက်နေကြခြင်းဖြစ်ပြီး နှစ်ဖက်ကျန်းမာရေးဌာနများ သတင်းချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။

“ခါတိုင်းလည်း လုပ်တော့ လုပ်နေပါတယ်။ ဒါပေမဲ့ မနေ့ကတော့ ထပ်ပြီးဆွေးနွေးထားတာက  လူနာပို့သမျှကို ဒီဘက်ကို သူတို့ပြန်ပြီး အကြောင်းကြားပေးပါတယ်။ မနေ့ကတော့ ကျွန်တော်တို့ Thermal Scanner ကို သူတို့လာလေ့လာသလို ကျွန်တော်တို့လည်း သူတို့ရဲ့ Thermal Scannner နဲ့ ဘယ်လိုလုပ်နေတယ်ဆိုတဲ့ လမ်းကြောင်းတွေ သွားလေ့လာခဲ့တယ်။ လူနာကတော့ ခါတိုင်းလည်း ပို့နေကြတာ။ ဒီရက်ပိုင်းမှာတော့ ဘယ်လိုပို့တဲ့လူနာပဲဖြစ်ဖြစ် ဒီဘက်ကို သတင်းပြန်ပို့ပေးဖို့ ထပ်ပြီးလည်း ဆွေးနွေးထားပါတယ်”

ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် ဇန်နဝါရီလ (၂၈)ရက်နေ့မှစ၍ Thermal Scanner ဖြင့် စစ်ဆေးခြင်းစတင်ခဲ့ရာ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့သို့ ဝင်ရောက်လာသည့် ထိုင်း၊ ကိုရီးယား၊ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဂျပန်နှင့် တရုတ်နိုင်ငံသား အမျိုးသား (၈၉)ဦးနှင့် အမျိုးသမီး (၁၀၃)ဦး စုစုပေါင်း (၁၉၂)ဦးတို့အား စစ်ဆေးခဲပြီး ထူးခြားမှုမတွေ့ရကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~