အင်ဒိုနီးရှားတွင် ကလေးငယ် (၁၀၀) နီးပါး သေဆုံးခဲ့ပြီးနောက် ချောင်းဆိုးပျောက်ဆေးရည် ရောင်းချမှု အားလုံးကို ရပ်ဆိုင်းထား

အင်ဒိုနီးရှားတွင် ကလေးငယ် (၁၀၀) နီးပါး သေဆုံးခဲ့ပြီးနောက် ချောင်းဆိုးပျောက်ဆေးရည် ရောင်းချမှု အားလုံးကို ရပ်ဆိုင်းထား
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် ကလေးငယ် (၁၀၀) နီးပါး သေဆုံးမှုရှိခဲ့ပြီးနောက် သောက်ဆေးအရည် ရောင်းချမှု အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ 

ဂမ်ဘီယာနိုင်ငံတွင် ကလေးငယ် (၇၀) နီးပါး သေဆုံးခဲ့မှုမှာ အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်နှင့် ဆက်နွယ်ကြောင်း တွေ့ရှိရပြီးနောက် အင်ဒိုနီးရှားအစိုးရကလည်း နိုင်ငံအတွင်း ကလေးငယ် သေဆုံးမှုများကို စစ်ဆေးခဲ့ပြီး သောက်ဆေးအရည် ရောင်းချမှုအားလုံးကို ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။

နိုင်ငံအတွင်း ရောင်းချနေသော သောက်ဆေးအရည်အချို့တွင် ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှု acute kidney injuries (AKI) နှင့် ဆက်နွယ်သည့် ပါဝင်ပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု အင်ဒိုနီးရှားက ပြောသည်။ 

ထိုသို့ ကျောက်ကပ်ထိခိုက်မှုကြောင့် ယခုနှစ်အတွင်း အင်ဒိုနီးရှားတွင် ကလေးငယ် (၉၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကလေးများ ကျောက်ကပ်ထိခိုက်ပြီး သေဆုံးမှုနှင့် ဆက်နွယ်သည့် ဆေးရည်များကို ပြည်ပမှတင်သွင်းခဲ့သည် သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်ခဲ့သည်ကိုမူ အတိအကျ မသိရသေးဟု ဆိုသည်။ 

အင်ဒိုနီးရှား ကျန်းမာရေးအရာရှိများက အောက်တိုဘာလ (၂၀) ရက်နေ့တွင် ပြောကြားမှုအရ AKI ခေါ် ကျောက်ကပ်ထိခိုက်မှုဖြစ်သည့် ကလေးငယ် (၂၀၀) ခန့်ရှိပြီး အများစုမှာ အသက် (၅) နှစ်အောက်ဖြစ်ကြောင်း သိရသည်။

ယခုလအစောပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ဂမ်ဘီယာနိုင်ငံမှ ကလေးငယ် (၇၀) နီးပါး သေဆုံးမှုမှာ ချောင်းဆိုးပျောက်ဆေးရည် (၄) မျိုးနှင့် ဆက်နွယ်နေကြောင်း ကမ္ဘာလုံးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

ထိုချောင်းဆိုးပျောက်ဆေးရည်များကို အိန္ဒိယဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး diethylene glycol နှင့် ethylene glycol ဓာတုဗေဒပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေကြောင်း WHO က တွေ့ရှိခဲ့သည်။

ထိုဓာတုပစ္စည်းများက အဆိပ်သင့်စေနိုင်ပြီး ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှု AKI ဖြစ်စေနိုင်ကြောင်း သိရသည်။ 

ဂမ်ဘီယာကလေးငယ်များ သေဆုံးမှုနှင့် ဆက်နွယ်နေသည့် ချောင်းဆိုးပျောက်ဆေးရည် (၄) မျိုးမှာ Maiden Pharmaceuticals က ထုတ်လုပ်နေသော Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့ဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း အသုံးပြုခဲ့သည့် ဆေးရည်အချို့တွင် diethylene glycol နှင့် ethylene glycol ဓာတုဗေဒပစ္စည်းများကို တွေ့ရှိရကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးက အောက်တိုဘာလ (၂၀) ရက်တွင် ပြောသည်။ 

"အသက် (၅) နှစ်အောက် AKI ကလေးလူနာတွေ သုံးခဲ့တဲ့ ဆေးရည်အချို့မှာ ပါဝင်ရမှာမဟုတ်တဲ့ သို့မဟုတ် ပမာဏ အလွန်အနည်းငယ်မျှသာ ပါဝင်ရမယ့် diethylene glycol နှင့် ethylene glycol ကို တွေ့ရတယ်" ဟု ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ပြောသည်။

သို့သော် ထိုဆေးရည်များကြောင့် ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှုဖြစ်ခဲ့သော ကလေးငယ်အရေအတွက် မည်မျှရှိကြောင်းကို ၎င်းက ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။ 

ဂမ်ဘီယာနိုင်ငံတွင် အသုံးပြုခဲ့သည့် ချောင်းဆိုးပျောက်ဆေးများကို ပြည်တွင်း၌ ရောင်းချထားခြင်းမရှိကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။ 

ဆေးရည်များနှင့် ဆက်နွယ်နေသော ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှုဖြင့် သေဆုံးမှု အမှန်တကယ် အရေအတွက်မှာ တရားဝင်ထုတ်ပြန်မှုထက် ပိုများနိုင်ကြေင်း ကူးစက်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

"ဒီလိုရောဂါတွေ ဖြစ်လာတဲ့အခါ ဥပမာအားဖြင့် ပင်လယ်ထဲမျောနေတဲ့ ရေခဲတောင်ကြီးရဲ့ ထိပ်ပိုင်းကိုပဲ မြင်တွေ့ရသလိုမျိုးပါ။ ဆိုလိုတာက သေဆုံးခဲ့သူဦးရေက ဒီထက်မက ဖြစ်နိုင်ပါတယ်" ဟု ဩစတြေးလျနိုင်ငံ Griffith တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူ Dicky Budiman က BBC Indonesia သတင်းဌာနကို ပြောသည်။

အင်ဒိုနီးရှားအာဏာပိုင်များက ကျောက်ကပ်ထိခိုက်ပြီး ကလေးငယ်များ သေဆုံးမှုနှင့် ဆက်နွယ်သည့် သောက်ဆေးအရည် တံဆိပ်များကို လက်ရှိအချိန်အထိ ထုတ်ဖော်ပြောခြင်းမရှိသေးဘဲ သောက်ဆေးအရည် ရောင်းချမှုအားလုံးကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံတွင်လည်း အာဏာပိုင်များက ဂမ်ဘီယာကလေးငယ် အများအပြား သေဆုံးမှုနှင့် ဆက်နွယ်နေသော ချောင်းဆိုးပျောက်ဆေးရည်များ ထုတ်လုပ်နေသည့် Maiden Pharmaceuticals ၏ စက်ရုံတစ်ရုံတွင် ချောင်းဆိုးပျောက်ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်။

Source: BBC, Reuters