လေယာဥ်မှူးတစ်ဦးတည်းဖြင့် လေယာဥ်ခရီးစဥ်များ ပျံသန်းရန် လေကြောင်းလိုင်းများက စီစဥ်နေ

လေယာဥ်မှူးတစ်ဦးတည်းဖြင့် လေယာဥ်ခရီးစဥ်များ ပျံသန်းရန် လေကြောင်းလိုင်းများက စီစဥ်နေ
နိုဝင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John



လေကြောင်းလိုင်းများနှင့် လေကြောင်းပျံသန်းမှု ကြီးကြပ်ရေးအဖွဲ့အစည်းများက ခရီးသည်တင်လေယာဥ်များတွင် လေယာဥ်မှူး (၂) ဦးအစား (၁) ဦးတည်းသာ အသုံးပြုရန် စီစဥ်နေကြောင်း သိရသည်။ 

ထိုအပြောင်းအလဲက ကုန်ကျစရိတ်များ ပိုမိုသက်သာစေပြီး လေယာဥ်မှူး မလုံလောက်မှုပြဿနာကို လျော့ပါးစေမည်ဟု ယူဆထားသည်။ 

သို့သော် ထိုကဲ့သို့သော အရေးပါသည့်တာဝန်ကို လူပုဂ္ဂိုလ်တစ်ဦးတည်းပေါ်တွင် ပေးအပ်ထားခြင်းက အချို့လူများအတွက် အဆင်မပြေနိုင်ဟု ဆိုသည်။

ဂျာမနီ၊ ဗြိတိန်နှင့် နယူးဇီလန် အပါအဝင် နိုင်ငံ (၄၀) ကျော်က လေယာဥ်မှူးတစ်ဦးတည်းဖြင့် လေယာဥ်ပျံသန်းမှုများကို ဘေးကင်းကြောင်း သတ်မှတ်ရန်အတွက် လေကြောင်းပျံသန်းမှု စံနှုန်းများချမှတ်ပေးရန် ကုလသမဂ္ဂထံ တောင်းဆိုထားသည်။ 

European Union Aviation Safety Agency (EASA) ကလည်း လေယာဥ်မှူးတစ်ဦးတည်း တာဝန်ယူသည့် လေကြောင်းပျံသန်းမှုကို မည်သို့လုပ်ဆောင်နိုင်ကြောင်းနှင့် ထိုသို့ပျံသန်းမှုများကို ကြီးကြပ်ရန် စည်းမျဥ်းများ ပြင်ဆင်နိုင်ရေး လေယာဥ်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နေကြောင်း သိရသည်။

EASA က လေယာဥ်မှူးတစ်ဦးတည်း တာဝန်ယူသည့် လေကြောင်းခရီးစဥ်များကို ၂၀၂၇ ခုနှစ်တွင် စတင်နိုင်ကြောင်း ပြောထားသည်။ 

သို့သော် အဆိုပါ စီစဥ်ထားသည့် အပြောင်းအလဲက ကြီးမားသည့်စိန်ခေါ်မှု အများအပြားရှိနေပြီး လေယာဥ်မှူးများနှင့် ခရီးသည်များထံမှ စိုးရိမ်ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

 Source: Bloomberg