COVID ကြောင့် သေဆုံးမှုရှိကြောင်း တရုတ်အစိုးရထုတ်ပြန်ချက် လူထုက မေးခွန်းထုတ်

COVID ကြောင့် သေဆုံးမှုရှိကြောင်း တရုတ်အစိုးရထုတ်ပြန်ချက် လူထုက မေးခွန်းထုတ်
By Tachileik News Agency

အစိုးရ၏ Zero COVID မူဝါဒကို လူထုဆန့်ကျင်မှုကြောင့် မူဝါဒဖြေလျော့ပေးလိုက်ရပြီးနောက် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာကာ လူ (၂)ဦး သေဆုံးသွားသည်ဟု တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်ထွက်ပေါ်လာသည်။

တရုတ်နိုင်ငံတွင် COVID 19 ကပ်ရောဂါနှင့် ဆက်နွယ်ပြီး လူ (၂) ဦး သေဆုံးခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်လာခြင်းဖြစ်သည်။

တရုတ်အစိုးရက ၎င်း၏ "zero-COVID" မူဝါဒဖြင့် တင်းကျပ်သော စည်းမျဥ်းကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ် ရင်ဆိုင်ရပြီးနောက် တစ်နိုင်ငံလုံးတွင် စည်းမျဥ်းကန့်သတ်ချက်များကို ရုတ်ချည်း ဖြေလျှော့ပေးလိုက်ရခြင်းဖြစ်သည်။ 

ထိုသို့ ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်း ဘေဂျင်းနှင့် ရှန်ဟိုင်းကဲ့သို့ မြို့ကြီးများ အပါအဝင် တရုတ်နိုင်ငံတဝန်း ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေသည်ဟု တာဝန်ရှိသူများက ထုတ်ပြန်လာသည်။

NHC က COVID-19 နှင့် ဆက်နွယ်ပြီး သေဆုံးသူ (၂) ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အပေါ် တရုတ်ဆိုရှယ်မီဒီယာဝက်ဆိုက် Weibo တွင် မေးခွန်းထုတ်မှုနှင့် မယုံကြည်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ "ဒါက အများပြည်သူကို လိမ်နေတာမဟုတ်ဘူးလား" ဟု Weibo အသုံးပြုသူတစ်ဦးက ရေးသားထားသည်။

NHC ကမူ ချက်ချင်း မှတ်ချက်မပေးခဲ့ကြောင်း Reuters က ဖော်ပြသည်။ 

တရုတ်တွင် တရားဝင် ထုတ်ပြန်ထားမှုအရ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ယခုနောက်ဆုံး သေဆုံးသူ (၂) ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ (၅,၂၃၇) ဦးသာရှိခဲ့ရာ ၎င်း၏လူဦးရေ (၁.၄) ဘီလီယံ၏ အလွန်သေးငယ်သော ပမာဏမျှသာ ဖြစ်သည်။

သို့သော် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကမူ တင်းကျပ်သော အစီအမံများဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ လူအများကြား သဘာဝအတိုင်း ကိုယ်ခံစွမ်းအားမရှိဖြစ်နေပြီး သက်ကြီးရွယ်အိုများကိုလည်း ကာကွယ်ဆေးထိုးနှုန်း နိမ့်ပါးမှုကြောင့် တရုတ်အနေဖြင့် ၎င်း၏ တင်းကျပ်သော စီမံဆောင်ရွက်မှုများအတွက် ပေးဆပ်ရနိုင်ကြောင်း သုံးသပ်ထားကြသည်။

လာမည့် လများအတွင်း တရုတ်တွင် COVID-19 ကြောင့် သေဆုံးသူ (၁.၅) သန်းကျော် မြင့်တက်လာနိုင်ကြောင်း အချို့က စိုးရိမ်ပူပန်နေကြသည်။ 

NHC ၏ ဒီဇင်ဘာလ (၁၉) ရက်နေ့က တရားဝင် ထုတ်ပြန်ချက်အရမူ တရုတ်တွင် ဒီဇင်ဘာလ (၁၈) ရက်နေ့က ရောဂါလက္ခဏာပြသည့် ကူးစက်ခံရသူ (၁,၉၉၅) ဦး တွေ့ရှိရပြီး ရှေ့တစ်ရက်တွင် (၂,၀၉၇) ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် COVID-19 အခြေအနေအရ ၂၀၂၃ ခုနှစ်အထိ လူ (၁) သန်းကျော် သေဆုံးနိုင်ကြောင်း အမေရိကန်အခြေစိုက် Institute of Health Metrics and Evaluation (IHME) က ခန့်မှန်းထားသည်။ 

IHME ၏ ခန့်မှန်းချက်များအရ တရုတ်တွင် ၂၀၂၃ ခုနှစ် ဧပြီလ (၁) ရက်ဝန်းကျင်၌ ကူးစက်မှု အထွတ်အထိပ်ရောက်မည်ဖြစ်ပြီး သေဆုံးသူ (၃၂၂,၀၀၀) ရှိလာမည်ဟု ခန့်မှန်းထားသည်။ 

ထိုအချိန်တွင် တရုတ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ COVID-19 ကူးစက်ခံထားရမည်ဟု IHME ညွှန်ကြားရေးမှူး ခရစ္စတိုဖာမာရေးက ပြောကြားသည်။

Source: Reuters