ပြည်သူ၏ ယုံကြည်မှုကို ရချင်နေသည့် အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးအဆင့်များကိုယ်တိုင် Covid-19 အတွက် Mask များ ဝေပြ

ပြည်သူ၏ ယုံကြည်မှုကို ရချင်နေသည့် အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးအဆင့်များကိုယ်တိုင် Covid-19 အတွက် Mask များ ဝေပြ
အောက်တိုဘာ 15, 2022 | 2021 Military Coup| Covid-19

 ပြည်သူများ၏ ယုံကြည်မှုကို အပြည့်အဝေ ရချင် မက်မော နေသည့် အာဏာသိမ်းစစ်တပ်က Covid-19 ကာကွယ်ရေးအတွက် ဗိုလ်မှူးအဆင့်များကိုယ်တိုင် Mask များ ဝေပြခြင်းဖြင့် ယုံကြည်မှု တည်ဆောက်နေရသည်ကို ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့က တွေ့ရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်မှ ဦးဆောင်ပြီး ရန်ကုန်တိုင်း၊  မန္တလေးတိုင်း နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့က ဗိုလ်မှူးအဆင့်များကိုယ်တိုင် ပါဝင်ပြီး Mask များ ပေးဝေနေကြသည့် ပုံများကို အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့် Website ကနေ ဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံအတွင်း Covid-19 တတိယလှိုင်းကို ထိန်းချုပ်နိုင်ပြီဟု ကြေညာထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ လက်ထက်တွင် ပြည်သူများက အာဏာသိမ်းမှုကို လက်ခံပြီး ပုံမှန်အတိုင်း ပျော်ပါး စည်ကားနေသည့် အသွင်သဏ္ဍာန်ကို ဖန်တီးနိုင်ရေးအတွက် ပွဲလမ်းသဘင်များ နှင့် အခမ်းအနားများ၊ အားကစားပြိုင်ပွဲများ အပြင် အနုပညာဆိုင်ရာ ပြိုင်ပွဲများကို လူစုလူဝေးများဖြင့် ပြုလုပ်ခွင့်ပေးထားပြီးနောက် စက်တင်ဘာလက စပြီး တကျော့ပြန် Covid-19 ကူးစက်မှုမှာ တစ်နိုင်ငံလုံးအနေဖြင့် တစ်နေ့လျှင် လူဦးရေ (၃၀၀)မှ (၄၀၀)အကြား နေ့စဉ် ကူးစက်ခံနေရသည်ကိုလည်း တွေ့ရသည်။

Covid-19 ကူးစက်မှုများ တကျော့ပြန် ဖြစ်ပေါ်လာနေသည်ကို အတိအလင်း ကြေညာခြင်းမရှိဘဲ ပြည်သူများ Mask များကို တပ်ဆင်ရန် နှင့် Mask များ ပေးဝေခြင်းဖြင့်သာ လုပ်ဆောင်နေသော်လည်း လူစုလူဝေးဖြစ်ပေါ်နေစေသည့် လုပ်ရပ်ကိုတော့ ရပ်တန့်ခြင်း မရှိသည်ကို တွေ့ရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အောက်တိုဘာလ(၁၄)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၃၅၉)ဦး ရှိကြောင်း နှင့်  ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့မှ စက်တင်ဘာလ(၂၆)ရက်နေ့အထိ Covid-19 ကြောင့် သေဆုံးသူ (၁၄၅)ဦးအထိ ရှိကြောင်း သိရှိရသည်။