ဖားကန့်တွင် လုပ်ငန်းရှင်များအား ပကဖဟုဆိုကာ ခြိမ်းခြောက်စာပို့ငွေတောင်းနေသူကို KIA ပူးပေါင်းတပ်က ဖမ်းဆီး၊ စစ်ကောင်စီတပ်က ပို့ခိုင်းခြင်းဖြစ်ဟု ဝန်ခံထွက်ဆို

ဖားကန့်တွင် လုပ်ငန်းရှင်များအား ပကဖဟုဆိုကာ ခြိမ်းခြောက်စာပို့ငွေတောင်းနေသူကို KIA ပူးပေါင်းတပ်က ဖမ်းဆီး၊ စစ်ကောင်စီတပ်က ပို့ခိုင်းခြင်းဖြစ်ဟု ဝန်ခံထွက်ဆို
အောက်တိုဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့အမည်အသုံးချကာ ဒေသတွင်းလုပ်ငန်းရှင်များအား ခြိမ်းခြောက်စာပို့၍ ငွေတောင်းနေသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ရာ စစ်ကောင်စီတပ်က ခိုင်းခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ ဆိုင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ကို ဖမ်းဆီးကာ ဒေသတွင်း လုပ်ငန်းရှင်များထံ ခြိမ်းခြောက်စာပို့ခိုင်းခြင်းဖြစ်သည်ဟု ခြိမ်းခြောက်စာပို့သူက ဆိုသည်။

“စာပို့ရမယ် မပို့ရင်သတ်ပစ်မယ်ပြောလို့ စာတွေပို့ရတာပါ။ ပိုက်ဆံဘယ်လောက်ပေးရမယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ခြိမ်းခြောက်စာတော့ သိပါတယ်။ သတင်းထောက်လှမ်းခိုင်းတာတော့ မရှိဘူး။ စာပဲပို့ခိုင်းတာ။ ဆိုင်းတောင်တပ်ကုန်းက စစ်ကောင်စီတပ်သားတွေက ခိုင်းတာ။ ကျွန်တော်တို့ကို ဖမ်းပြီးတော့ ပြန်လွှတ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်စာပို့ခိုင်းတာပါ။”ဟု KIAက စစ်ဆေးမေးမြန်းရာ ခြိမ်းခြောက်စာပို့သူက ယင်းသို့ပြောသည်။

၎င်းကို KIA ပူးပေါင်း KPDF တပ်ဖွဲ့များက ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ခြိမ်းခြောက်စာကို ဒေသတွင်း လုပ်ငန်းရှင်များထံ ဗမာ၊ ကချင် နှစ်ဘာသာဖြင့် ပေးပို့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကောင်က ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်တကြောလုံးကို ဒီစာအိတ်နဲ့ ဒီစာပဲပို့နေတာ။ အခုတော့ ကျွန်တော်တို့တပ်ဖွဲ့က ဖမ်းဆီးရမိပြီ။”ဟု KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် ပြောသည်။

ခြိမ်းခြောက်စာတွင် ပကဖဟု အမည်တပ်ကာ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များအား လေယာဉ်ပစ်လက်နက်ဝယ်ယူရန် တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းထက်မနည်း ပေးရန်နှင့် မထည့်ပါက ဗုံးခွဲမည်ဟု ခြိမ်းခြောက်ငွေတောင်းခြင်းဖြစ်သည်။

#TachileikNewsAgency