အာဏာသိမ်းစစ်အုပ်စုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရချိန် မုန်းမြို့နယ်ရှိ ကျေးရွာများတွင် တောမီးမှတဆင့် နေအိမ်(၁၅၀)ကျော် မီးလောင်

Photo: KNU
Photo: KNU
အာဏာသိမ်းစစ်အုပ်စုကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရချိန် မုန်းမြို့နယ်ရှိ ကျေးရွာများတွင် တောမီးမှတဆင့် နေအိမ်(၁၅၀)ကျော် မီးလောင်
ဖေဖော်ဝါရီ 16, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း၊ မုန်းမြို့နယ်တွင် အာဏာသိမ်းစစ်အုပ်စုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် ကျေးရွာတချို့ တောမီးကတဆင့် လောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း KNU ဗဟိုက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်တွင် သတင်းထုတ်ပြန်သည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်က မုန်းမြို့နယ်၊ ကြောင်ပြာကျေးရွာတွင် တောမီးလောင်ခြင်းမှတစ်ဆင့် ကျေးရွာအတွင်းသို့ မီးကူးစက်ကာ အိမ်ခြေ (၂၂၀)ကျော်ရှိသည့်အနက် အိမ်ခြေ (၁၅၀) ဝန်းကျင်ခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ (၁၀)ရက်တွင်လည်း တောမီးလောင်ခြင်းမှတစ်ဆင့် ကော့ပျင်းကျေးရွာအတွင်းသို့ မီးကူးသွားပြီး အိမ်ခြေ (၅၁၃) လုံးရှိသည့်အနက် အိမ် (၇)လုံး မီးလောင်ပြာပျက်စီးခဲ့ရ ကြောင်း သိရသည်။

မီးစွဲလောင်ခံရသည့် ကျေးရွာများသည် စစ်အုပ်စုကြောင့် ၂၀၂၂  ခုနှစ်၊ ဇူလိုင်လကပင် ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး စစ်အုပ်စုက ကျေးရွာတွင်းသို့ ဝင်ရောက်မွှေနှောက် ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် ယနေ့အထိ ကျေးရွာတွင်းသို့ မပြန်ရဲသေးသည့် ရွာများဖြစ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၅ )ရက်နေ့၏ ညနေပိုင်းကလည်း အာဏာသိမ်းစစ်အုပ်စုက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် လေယာဉ်နှစ်စင်းဖြင့် ဗုံး (၄)လုံးကြဲချပြီး အော်လီဂန်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။