အင်းတော်ကြီးဒေသ နန့်မွန်းပြည်သူ့စစ်စခန်းကို တိုက်ခိုက်ပြီးနောက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုစတင်တော့မည်ဟု PDF သတိပေး

အင်းတော်ကြီးဒေသ နန့်မွန်းပြည်သူ့စစ်စခန်းကို တိုက်ခိုက်ပြီးနောက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုစတင်တော့မည်ဟု PDF သတိပေး
ဇန်နဝါရီ 24, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရှိ စစ်ကောင်စီတပ်လက်အောက်ခံ နန့်မွန်းပြည်သူ့စစ်စခန်းကို တိုက်ခိုက်ပြီးနောက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုစတင်တော့မည်ဟု အင်းတော်ကြီး PDFက အနီးရှိဒေသခံပြည်သူများကို သတိပေးပြောဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့ ညပိုင်းတွင် KIA ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်းသို့ သတိပေးပြောဆိုလာခြင်းဖြစ်သည်။

"ပြည်သူလူထုကို စိတ်ဒုက္ခပေးနေတဲ့ စကစလက်အောက်ခံပြည်သူ့စစ်စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့က ဒရုန်း၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပါသည်။ မကြာမှီအချိန်တွင် ဒီထက်ပြင်းထန်သော တိုက်ခိုက်မှုမျိုးများ စတင်တော့မည်ဖြစ်၍ စကစခွေးများနှင့် အဝေးဆုံးရှောင်ရှားပေးပါရန် မေတ္တာရပ်ခံရပါသည်။"ဟု အင်းတော်ကြီး PDFက ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီလက်အောက်ခံ ပြည့်သူ့စစ်စခန်းသည် နန့်မွန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင်ရှိပြီး ပြည်သူ့စစ်အင်အား (၅၀)ဦးခန့် နေထိုင်ကြောင်း သိရသည်။

#TachileikNewsAgency