ဒုံးကျည်ပစ်လွှတ်မှုများမှာ တောင်ကိုရီးယားကို နျူကလီးယားဖြင့်တိုက်ခိုက်မှု သရုပ်ဖော်လေ့ကျင့်ခြင်းဟု မြောက်ကိုရီးယားပြော

ဒုံးကျည်ပစ်လွှတ်မှုများမှာ တောင်ကိုရီးယားကို နျူကလီးယားဖြင့်တိုက်ခိုက်မှု သရုပ်ဖော်လေ့ကျင့်ခြင်းဟု မြောက်ကိုရီးယားပြော
အောက်တိုဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

မြောက်ကိုရီးယား၏ ပြီးခဲ့သည့် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု အများအပြားမှာ တောင်ကိုရီးယားကို နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်များဖြင့် တိုက်ခိုက်ရန် သရုပ်ဖော်လေ့ကျင့်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က အောက်တိုဘာလ (၁၀) ရက်တွင် သတင်းထုတ်ပြန်သည်။ 

မြောက်ကိုရီးယားက အောက်တိုဘာလ (၉) ရက်နေ့ နံနက်အစောပိုင်းတွင် ပဲ့ထိန်းဒုံးကျည် (၂) စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့်ဂျပန် အစိုးရတာဝန်ရှိသူများက ထုတ်ပြန်သည်။

၎င်းမှာ စက်တင်ဘာလ (၂၅) ရက်ကပြီး မြောက်ကိုရီးယား၏ (၇) ကြိမ်‌မြောက် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုလည်း ဖြစ်ခဲ့သည်။ 

ပြီးခဲ့သည့် သီတင်း (၂) ပတ်အတွင်း နျူကလီးယား နည်းဗျူဟာမြောက် တိုက်ခိုက်ရေးတပ်ဖွဲ့၏ လေ့ကျင့်မှုများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကြီးကြပ်ကွပ်ကဲခဲ့ကြောင်းနှင့် ထိုလေ့ကျင့်မှုများတွင် နျူးကလီးယားထိပ်ဖူး ပုံစံတူတပ်ဆင်ထားသည့် ပဲ့ထိန်းဒုံးကျည်များ ပါဝင်ခဲ့ပြီး စစ်ပွဲတားဆီးရေး ပြင်းထန်သည့် သတင်းစကားပေးရန် ရည်ရွယ်သည်ဟု ဆိုသည်။

အဆိုပါ လေ့ကျင့်စမ်းသပ်မှုများတွင် တောင်ကိုရီးယားနိုင်ငံရှိ စစ်ဌာနချုပ်အဆောက်အအုံများ၊ အဓိက ဆိပ်ကမ်းများနှင့် လေဆိပ်များကို သရုပ်ဖော် တိုက်ခိုက်ခဲ့ကြောင်း KCNA သတင်းက ပြောသည်။

 "ကျွန်ုပ်တို့ နျူကလီးယားတိုက်ခိုက်ရေးတပ်ဖွဲ့၏ ထိရောက်မှုနှင့် လက်တွေ့ တိုက်ပွဲဝင်နိုင်စွမ်းကို အပြည့်အဝ သရုပ်ပြခဲ့ပြီး မည်သည့်နေရာမှ ပစ်မှတ်များကိုဆို အချိန်မရွေး တိုက်ခိုက်ဖျက်ဆီးရန် လုံးဝ အဆင့်သင့်ဖြစ်နေပြီ ဖြစ်သည်" ဟု KCNA က ဆိုသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ရေတပ်တပ်ဖွဲ့များက လေယာဥ်တင်စစ်သင်္ဘောတစ်စီးနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီး အပါအဝင် ကြီးမားသည့် တပ်ဖွဲ့ဝင်အင်အားနှင့် စစ်ရေးလေ့ကျင့်မှုကို ရှောင်လွှဲမရသော တုံ့ပြန်မှုအဖြစ် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မှုများကို လေ့ကျင့်ရန် မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီ Workers' Party က ဆုံးဖြတ်ခဲ့ကြောင်းလည်း KCNA က ပြောသည်။

KCNA သတင်းထုတ်ပြန်မှု ထွက်ပေါ်လာခဲ့ပြီးနောက် တောင်ကိုရီးယားသမ္မတ Yoon Suk-yeol ၏ ရုံးခန်းက ကိုရီးယားကျွန်းဆွယ်ရှိ လုံခြုံရေးပြဿနာများ၏ ပြင်းထန်မှုကို မှန်ကန်တိကျစွာ အသိအမှတ်ပြုရန်နှင့် အရှေ့မြောက်အာရှအနေဖြင့် ကြိုတင်ပြင်ဆင်ရန် အရေကြီးကြောင်း" ထုတ်ပြန်ခဲ့သည်။ 

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများကို ရှုတ်ချလိုက်ပြီး မြောက်ကိုရီးယားနျူကလီးယား လုံးဝဖျက်သိမ်းရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့်အတူ လုပ်ဆောင်သွားမည်ဟု ပြောသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အမေရိကန်လေယာဥ်တင်စစ်သင်္ဘော Ronald Reagan နှင့် ၎င်း၏ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စု ပါဝင်‌သည့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ (၇) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ 

ထိုရေကြောင်းစစ်ရေးလေ့ကျင့်မှု မတိုင်မီကလည်း တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန် ရေတပ်တပ်ဖွဲ့များက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြောက်ကိုရီးယားက အောက်တိုဘာလ (၄) ရက်နေ့တွင် (၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံပေါ်ကိုကျော်၍ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့သည်။ 

မြောက်ကိုရီးယားဒုံးကျည်မှာ အကွာအ‌ဝေး (၂,၈၅၀) မိုင်အထိ ရောက်ရှိခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။ 

ထိုအကွာအဝေးမှာ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းသို့ ရောက်ရှိနိုင်သည့် အကွာအဝေးလည်း ဖြစ်သည်။ 

မြောက်ကိုရီးယား၏ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုအပြီးတွင် တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့ကလည်း ပင်လယ်ထဲသို့ ဒုံးကျည်ပစ်လွှတ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြင့် တုံ့ပြန်ခဲ့သည်။

Source: BBC, Reuters