စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးအားလုံးကို အမေရိကန် ဆိုင်းငံ့ 

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးအားလုံးကို အမေရိကန် ဆိုင်းငံ့ 

 စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ခုနှစ် မတ်လ (၂၉) ရက်နေ့၌ ကြေညာလိုက်သည်။

စစ်အာဏာသိမ်းမှုနှင့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုများလုပ်ဆောင်နေသည့်အတွက် ကုန်သွယ်ရေးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ပြည်သူရွေးကောက်ထားသည့် အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးသည်အထိ ဆိုင်းငံ့မည်ဟု ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာ့လုံခြုံရေးတပ်ဖွဲ့များက မိမိကာကွယ်ရမည့် ပြည်သူများကို သေစေလောက်သည့် အင်အားသုံး အကြမ်းဖက်နှိမ်နှင်းနေမှုများကို ရှုတ်ချကြောင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေကြသည့် ပြည်သူများ၊ ကျောင်းသား၊ လုပ်သား၊ အလုပ်သမားခေါင်းဆောင်များ၊ ဆေးပညာရှင်များနှင့် ကလေးများကိုပါ သတ်ဖြတ်နေမှုမှာ နိုင်ငံတကာလူ့အသိုင်းအဝိုင်းအနေဖြင့် တုန်လှုပ်ခြောက်ခြားရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အလားတူ မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် လုပ်ငန်းများအား ပိတ်ဆို့ခြင်းကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂနိုင်ငံများက ဆောင်ရွက်ထားခြင်းဖြစ်သည်။