မြောက်ကိုရီးယားကို တုံ့ပြန်မှုအဖြစ် တောင်ကိုရီးယားနှင့် အမေရိကန်က ပင်လယ်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်

မြောက်ကိုရီးယားကို တုံ့ပြန်မှုအဖြစ် တောင်ကိုရီးယားနှင့် အမေရိကန်က ပင်လယ်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်
အောက်တိုဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

 မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ်ဖြတ်ကျော်၍ ဒုံးကျည်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့က ဒုံးကျည်ပစ်လွှတ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြင့် တုံ့ပြန်ခဲ့ကြပြီး အမေရိကန် လေယာဥ်တင်စစ်သင်္ဘောတစ်စီး မြောက်ကိုရီးယား၏ အရှေ့ဘက်တွင် ပြန်လည်နေရာယူခဲ့ကြောင်း သိရသည်။ 

ယခုလုပ်ဆောင်မှုက ၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားလက်နက်စမ်းသပ်မှုကို အမေရိကန်နှင့် မဟာမိတ်တို့၏ အပြတ်သားဆုံး တုံ့ပြန်မှုလည်း ဖြစ်လာသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံက ယခင်ကထက် အကွာအဝေး ပိုမိုရောက်ရှိသော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောက်တိုဘာလ (၄) ရက်နေ့တွင် ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ထိုဒုံးကျည်မှာ ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်သွားခဲ့ရာ ဒေသခံများကို အကာအကွယ်ယူကြရန် အချက်ပေးဥဩဆွဲခဲ့ရပြီး အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။

မြောက်ကိုရီးယားဒုံးကျည်က အကွာအ‌ဝေး (၂,၈၅၀) မိုင်အထိ ရောက်ရှိခဲ့ပြီးနောက် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။ 

ထိုအကွာအဝေးမှာ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းသို့ ရောက်ရှိနိုင်သည့် အကွာအဝေးလည်း ဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Adrienne Watson ကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုက ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည့် အန္တရာယ်များပြီး မဆင်မခြင် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့နောက် တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့များက မြောက်ကိုရီးယားကို တုံ့ပြန်မှုအဖြစ် ပင်လယ်ထဲသို့ ဒုံးကျည်များ ဆက်တိုက်ပစ်လွှတ်သည့် စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ Joint Chiefs of Staff (JCS) က အောက်တိုဘာလ (၅) ရက်နေ့တွင် ပြောသည်။ 

မဟာမိတ်နှစ်နိုင်ငံ တပ်ဖွဲ့များက အစောပိုင်းတွင် ပင်လယ်ဝါ Yellow Sea အတွင်း တိုက်လေယာဥ်များနှင့် ဗုံးကြဲချသည့် စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်မှုအဖြစ် အမေရိကန်၏ USS Ronald Reagan လေယာဥ်တင်စစ်သင်္ဘောကို နှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်လက တောင်ကိုရီးယားသို့ စေလွှတ်ခဲ့သည်။ 

ထိုလေယာဥ်တင်စစ်သင်္ဘောက ၎င်း၏ အခြား တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုနှင့်အတူ တောင်ကိုရီးယားနှင့် ဂျပန်ကြားရှိ ပင်လယ်ပြင်သို့ ပြန်လည်သွားရောက်မည်ဟု ဆိုသည်။

တောင်ကိုရီးယားစစ်တပ်က သီးခြားထုတ်ပြန်မှုအရ အောက်တိုဘာလ (၅) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုံးကျည်များ ပစ်လွှတ်လေ့ကျင့်မှုအတွင်း Hyunmoo-2C ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီးနောက် မကြာမီ ပျက်ကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။ 

အနီးအနားရှိ ဒေသခံတစ်ဦးက ဆိုရှယ်မီဒီယာတွင် တင်ထားသည့် မှတ်တမ်းအရ စစ်စခန်းနေရာမှ မီးခိုးများနှင့် မီးတောက်များ ထွက်ပေါ်နေသည်ကို တွေ့ရသည်။

မီးလောင်မှုမှာ ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဒုံးကျည်မှာ ပေါက်ကွဲစေနိုင်သည့် ထိပ်ဖူးကို သယ်ဆောင်ခဲ့သော်လည်း ထိုထိပ်ဖူး မပေါက်ကွဲခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။ 

စစ်စခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် အနီးအနားရှိ ဒေသခံများ အထိတ်တလန့် ဖြစ်ခဲ့ရမှုအတွက် တောင်ကိုရီးယားစစ်တပ်က တောင်းပန်ခဲ့သည်။

မြောက်ကိုရီးယားက အမေရိကန်ပိုင်နက်အထိ ရောက်ရှိနိုင်သည့် တာဝေးပစ်ဒုံးကျည်ကို ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်၍ ပစ်လွှတ်စမ်းသပ်မှု၊ တောင်ကိုရီးယားနှင့်အမေရိကန်က ပင်လယ်ထဲသို့ ဒုံးကျည်များပစ်လွှတ်ကာ တုံ့ပြန်မှုတို့နှင့်အတူ မြောက်ကိုရီးယားနှင့် မဟာမိတ်အုပ်စုကြား ဆက်ဆံရေးတင်းမာမှု ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။

Source: Reuters, BBC