ဂျပန်ဝန်ကြီးချုပ်ဟောင်းအဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့သူက အဘေးနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းကို အငြိုးထားမုန်းတီးခဲ့ဟုဆို

ပစ်ခတ် လုပ်ကြံသူအား ချက်ချင်း ဖမ်းမိစဉ် [ Photo:   Jiji Press ]
ပစ်ခတ် လုပ်ကြံသူအား ချက်ချင်း ဖမ်းမိစဉ် [ Photo: Jiji Press ]
ဂျပန်ဝန်ကြီးချုပ်ဟောင်းအဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့သူက အဘေးနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းကို အငြိုးထားမုန်းတီးခဲ့ဟုဆို
ဇူလိုင် 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့်  လူသတ်သမားက အဘေးနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းတစ်ခုကို အငြိုးထားမုန်းတီးခဲ့ကြောင်းနှင့် အဘေးက ထိုအဖွဲ့၏ တစိတ်တပိုင်းဖြစ်သည်ဟု ယူဆသောကြောင့် သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ (၈) ရက် နှောင်းပိုင်းတွင် ပြောသည်။

လုပ်ကြံသတ်ဖြတ်သူ ပြောဆိုခဲ့သော ဝန်ကြီးချုပ်ဟောင်းအဘေးနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းအကြောင်း အသေးစိတ်ကိုမူ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောရန် ငြင်းဆိုခဲ့သည်။ 

လုပ်ကြံသူကို ဝန်ကြီးချုပ်ဟောင်း၏ အနောက်တွင် တွေ့ရစဉ်

စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သော်လည်း ဂျပန်မီဒီယာများက ထိုအဖွဲ့အစည်းကို ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ပြနေကြသည်။ 

ဝန်ကြီးချုပ်ဟောင်းအဘေးကို ပစ်ခတ်သတ်ဖြတ်ခဲ့သူမှာ အသက် (၄၁) နှစ်အရွယ် Tetsuya Yamagami အမည်ရှိ အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းက လက်လုပ်သေနတ်တစ်လက်ကို အသုံးပြုခဲ့ကြောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဂျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့ရှိ အကြီးတန်း ရဲအရာရှိများက ပြောသည်။

"ဒါက သံသယရှိသူရဲ့ ပြောဆိုမှုပါ။ ကျွန်တော်တို့ စိစစ်နေဆဲဖြစ်ပေမဲ့ မြင်တွေ့ရတဲ့ ပုံစံအရ လက်လုပ်သေနတ်ဆိုတာ ထင်ရှားတယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု ရဲအရာရှိတစ်ဦးက သတင်းထောက်များကို ပြောသည်။ 

၎င်း၏နေအိမ်ကို ဝင်‌ရောက်ရှာဖွေခဲ့ရာတွင်လည်း သေနတ်နှင့်တူသည့် လက်လုပ်လက်နက်များ တွေ့ခဲ့ရသည်ဟု ဆိုသည်။ လုပ်ကြံသတ်ဖြတ်သူ Yamagami က ရဲတပ်ဖွဲ့ထံ ထွက်ဆိုမှုအရ ၎င်းမှာ ‌ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ (ဂျပန်ရေတပ်) တွင် ၂၀၀၂ ခုနှစ်မှစပြီး (၃) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။ 

သို့သော် ၎င်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်းအဘေး၏ နာရာမြို့ခရီးစဥ်ကို အွန်လိုင်းတွင် လေ့လာသိရှိခဲ့ကြောင်း Yamagami က ထွက်ဆိုခဲ့သည်ဟု ရဲအရာရှိများက ပြောသည်။ 

လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် မဲဆွယ်စည်းရုံးရေးပွဲတွင် လုံခြုံရေးနှင့်ပတ်သက်၍ ပြဿနာတစုံတရာရှိ မရှိကိုလည်း စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

"လုံခြုံရေးပြဿနာ တွေ့ခဲ့တယ်ဆိုရင် သင့်တော်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်သွားပါမယ်" ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်ဟောင်းအဘေးမှာ ၂၀၂၂ခုနှစ် ဇူလိုင်လ (၈) ရက်နေ့က နာရာမြို့တွင် လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း မိန့်ခွန်းပြောနေစဥ် သေနတ်သမားက အနောက်ဘက်မှ ပစ်ခတ်မှုကြောင့် လည်ပင်းအောက်ဘက်နှင့် ရင်ဘတ်တွင် သေနတ်ဒဏ်ရာများရပြီး လဲကျသွားခဲ့သည်။ 

ထို့နောက် ဆေးရုံသို့ ရဟတ်ယာဥ်ဖြင့် အရေးပေါ်ပို့ဆောင်ခဲ့ပြီး အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း သေဆုံးသွားခဲ့သည်။ 

ဝန်ကြီးချုပ်ဟောင်းအဘေး လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်ရပ်ကြောင့် သေနတ်ဖြင့်အကြမ်းဖက်မှု ရှားပါးသော ဂျပန်နိုင်ငံတွင် လူအများ အံ့ဩတုန်လှုပ်ခဲ့ကြရသည်။

၂၀၀၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် အဘေးမှာ ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သူလည်း ဖြစ်သည်။ 

အဘေးက ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ 

အဘေးက ulcerative colitis အူလမ်းကြောင်းရောဂါ ခံစားနေရကြောင်း နောက်ပိုင်းတွင် ပြောခဲ့သည်။

  • Source: AFP, BBC
  • Photo: Nara Shimbun/Kyodo News ,  Jiji Press, REUTERS, ASAHI SHIMBUN/REUTERS,