ဂျပန်ဝန်ကြီးချုပ်ဟောင်း အဘေး၏ နိုင်ငံတော်ဈာပနကို ကန့်ကွက်သည့်အမျိုးသားက ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ

ဂျပန်ဝန်ကြီးချုပ်ဟောင်း အဘေး၏ နိုင်ငံတော်ဈာပနကို ကန့်ကွက်သည့်အမျိုးသားက ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ
စက်တင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဂျပန်နိုင်ငံတွင် ယခုနှစ်အစောပိုင်းက လုပ်ကြံသတ်ဖြတ်ခံရသူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး အတွက် နိုင်ငံတော်ဈာပနအခမ်းအနား ပြုလုပ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြမှုအဖြစ် အမျိုးသားတစ်ဦးက ဂျပန်ဝန်ကြီးချုပ်ရုံးအနီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။ 

စက်တင်ဘာလ (၂၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုဆန္ဒပြမှုဖြစ်ရပ်မှ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာရခဲ့သည့် အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် မီးငြှိမ်းသတ်ရန်ကြိုးပမ်းခဲ့သူ ရဲအရာရှိတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အသက် (၇၀) ကျော်အရွယ် ထိုအမျိုးသားကို ပထမဆုံး တွေ့ရှိရချိန်တွင် သတိမေ့နေခဲ့သော်လည်း နောက်ပိုင်း ၎င်းက ကိုယ့်ကိုယ်ကိုယ် လောင်စာဆီလောင်းပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြောင်း ဂျပန်မီဒီယာက ဖော်ပြသည်။ 

ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သည့် ထိုအမျိုးသားအနီးတွင် အဘေး၏ နိုင်ငံတော်ဈာပနနှင့် ပတ်သက်၍ "ပြင်းထန်စွာ ကန့်ကွက်သည်" ဟု ရေးသားထားသော စာတစ်စောင်ကို တွေ့ရှိရသည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် ဝန်ကြီးချုပ်ဟောင်းအဘေး၏ အသက် (၆၈) နှစ်ပြည့် မွေးနေ့တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ ထိုဖြစ်ရပ်ကို အတည်ပြုရန် ငြင်းဆန်ခဲ့သည်။ 

"အစိုးရရုံးတွေအနီးမှာ မီးလောင်ဒဏ်ရာတွေနဲ့ လူတစ်ယောက်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ကြားသိရပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ကျွန်တော်သိထားပါတယ်" ဟု အစိုးရအဖွဲ့အတွင်းရေးမှူး ဟီရိုကာဇူ မတ်ဆူတိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်သူ အဘေးမှာ ၂၀၂၀ ခုနှစ်တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူခဲ့သည်။ 

ယခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင်မူ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်နေစဥ် သေနတ်သမားတစ်ဦးက အနီးကပ် ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့သည်။

ထိုသေနတ်သမားက ၎င်း၏မိခင်မှာ ဝန်ကြီးချုပ်ဟောင်းအဘေး အပါအဝင် အာဏာရပါတီ Liberal Democratic Party (LDP) မှ နိုင်ငံရေးသမားများနှင့် ဆက်နွယ်နေသည့် Unification Church ဘာသာရေးအဖွဲ့အစည်းကို ငွေလှူဒါန်းရမှုကြောင့် မွဲတေသွားခဲ့ကြောင်း စွပ်စွဲထားပြီး ထိုကိစ္စအတွက် အငြိုးအတေးထားခဲ့ကြောင်း သိရသည်။ 

အဘေးအတွက် နိုင်ငံတော်ဈာပနအခမ်းအနားကို လုံခြုံရေးနှင့် ဧည့်ခံစရိတ်များ အပါအဝင် အမေရိကန်ဒေါ်လာ (၁၂) သန်းအထိ အကုန်အကျခံ ပြုလုပ်ရန် ဂျပန်အစိုးရက စီစဥ်ထားခဲ့ရာ ဂျပန်ပြည်သူများကြား ဝေဖန်ကန့်ကွက်မှုများရှိနေသည်။

ဩဂုတ်လကုန်ပိုင်းတွင်မူ ဂျပန်အစိုးရက အဘေးအတွက် နိုင်ငံတော်ဈာပနအခမ်းအနားကို ဒေါ်လာ (၁.၈) သန်း အကုန်အကျခံ ပြုလုပ်မည်ဟု ပြောကြားထားခဲ့ခြင်း ဖြစ်သည်။ 

ဝန်ကြီးချုပ်ဟောင်းအဘေး၏ နိုင်ငံတော်ဈာပနကို စက်တင်ဘာလ (၂၇) ရက်တွင် ပြုလုပ်ရန်စီစဥ်ထားပြီး ဂျပန်နှင့် ပြည်ပမှာ လူဦးရေ (၆,၀၀၀) ခန့် တက်ရောက်ကြမည် ဖြစ်သည်။

Source: Reuters, BBC