မလေးရှားအစိုးရက ကြက်သားပြတ်လပ်မှု မဖြစ်စေရန် ကြက်သားသိုလှောင်ရုံများ အကောင်အထည်ဖော်မည်

Photo: Reuters
Photo: Reuters
မလေးရှားအစိုးရက ကြက်သားပြတ်လပ်မှု မဖြစ်စေရန် ကြက်သားသိုလှောင်ရုံများ အကောင်အထည်ဖော်မည်
By Mr John

မလေးရှားအစိုးရက ပြည်တွင်း၌ ကြက်သားပြတ်လပ်မှု မဖြစ်စေရန်နှင့် ဈေးနှုန်းများကို ထိန်းချုပ်ရန် အစီအမံတစ်ခု အဖြစ် ကြက်သားသိုလှောင်ရုံများ တည်ဆောက်သွားမည်ဟု ဇွန်လ (၉) ရက်နေ့တွင် ပြောသည်။ 

စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ ကြက်အရှင်များ အဓိက တင်ပို့နေသည့် မလေးရှားက ဇွန်လ (၁) ရက်နေ့မှစတင်ကာ ပြည်တွင်းထုတ်လုပ်မှုနှင့် ဈေးနှုန်းများ တည်ငြိမ်သည်အထိ ပြည်ပတင်ပို့မှုများကို ရပ်ဆိုင်းထားခဲ့သည်။ 

မလေးရှားက ကြက်အရှင်နှင့် ကြက်သား ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းလိုက်ခြင်းမှာ ကမ္ဘာတဝန်း စားနပ်ရိက္ခာ ပြတ်လပ်မှု တိုးလာသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။ 

မလေးရှားတွင် ကြက်သားမှာ ပရိုတိန်းဓာတ်အတွက် ဈေးအပေါဆုံး အစားအစာရင်းမြစ်များအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့သော်လည်း  ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ထုတ်လုပ်မှုလျော့ကျခြင်းက ကမ္ဘာတဝန်း တိရိစ္ဆာန်အစာပြတ်လပ်မှုကို ပိုမိုဆိုးရွားစေရာ မကြာသေးမီ လများအတွင်း မလေးရှားတွင် ကြက်သားဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။

ယခုအခါ အစိုးရက ကြက်သားသိုလှောင်ရုံများ အကောင်အထည်ဖော်ခြင်း နည်းလမ်းကို သဘောတူလိုက်ပြီး ချက်ချင်း ဆောင်ရွက်မည်ဟု စိုက်ပျိုးရေးနှင့် အစားအစာ စက်မှုလုပ်ငန်းများ ဝန်ကြီး Ronald Kiandee က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။ 

မလေးရှားအစိုးရက ပြည်တွင်းကြက်သားထောက်ပံ့မှုကို မည်သို့ စီမံဆောင်ရွက်မည့် အသေးစိတ်ကိုမူ ဝန်ကြီးက ပြောကြားခဲ့ခြင်း မရှိပေ။ 

မလေးရှားအစိုးရက ပဲ၊ ဂျုံ၊ ပြောင်း၊ တိရိစ္ဆာန်နှင့် အပင်ကို အခြေခံထုတ်လုပ်သည့် တိရိစ္ဆာန်အစာများ ပြည်ပမှ တင်သွင်းသည့် လုပ်ထုံးလုပ်နည်းများကိုလည်း ရိုးရှင်းလွယ်ကူစေရန် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့ကို ကြက်သားထောက်ပံ့မှု တည်ငြိမ်သည်အထိ ဦးစားပေးလမ်းကြောင်းတစ်ခု စီစဥ်သတ်မှတ်ကာ တင်သွင်းမှုများ အရှိန်မြှင့်သွားမည်ဟု Ronald Kiandee က ဆိုသည်။ 

ကြက်စာတွင် ပုံမှန်အားဖြင့် အစေ့အဆန်နှင့် ပဲပိစပ်တို့ ပါဝင်ပြီး ၎င်းတို့ကို မလေးရှားက ပြည်ပမှတင်သွင်းနေခြင်း ဖြစ်သည်။

အစားအစာထုတ်လုပ်သူများနှင့် တိရိစ္ဆာန်အစာကြိတ်စက်ပိုင်ရှင်များကိုလည်း ထုတ်လုပ်မှုစရိတ် ပိုမိုသက်သာစေရန် လျှပ်စစ်ဓာတ်အားခ ပြန်လည်သုံးသပ်ခြင်း၊ လုပ်သားရှားပါးမှုအတွင်း ရွှေ့ပြောင်းလုပ်သားများခေါ်ယူရန် ကြက်မွေးမြူရေးသမားများကို အထူးကင်းလွတ်ခွင့်ပေးခြင်း အပါအဝင် အစီအမံများကို မလေးရှားအစိုးရက အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။ 

မလေးရှား၏ ကြက်သားထုတ်လုပ်မှုမှာ ဖေဖေါ်ဝါရီလတွင် ကျဆင်သွားခဲ့ပြီး ဇွန်လမှစ၍ နောက်ပိုင်းတွင် တည်ငြိမ်လာမည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီး Ronald Kiandee က ဖြည့်စွက်ပြောခဲ့သည်။

 Source: Reuters