ရုရှား၏ တရားမဝင် နယ်မြေသိမ်းပိုက်မှုကို ဘယ်တော့မှ လက်ခံမည် မဟုတ်ကြောင်း အမေရိကန် နှင့် ဥရောပသမဂ္ဂတို့က တုံ့ပြန်

ရုရှား၏ တရားမဝင် နယ်မြေသိမ်းပိုက်မှုကို ဘယ်တော့မှ လက်ခံမည် မဟုတ်ကြောင်း အမေရိကန် နှင့် ဥရောပသမဂ္ဂတို့က တုံ့ပြန်
အောက်တိုဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းနိုင်ငံအတွင်း ပိုင်နက် နယ်မြေများကို သိမ်းပိုက်ရန် ရုရှားနိုင်ငံ၏ ကြိုးပမ်းမှုကို အမေရိကန်နိုင်ငံက ဘယ်တော့မှ လက်ခံသွားမည် မဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်သလို  ဥရောပသမဂ္ဂ ကလည်း လက်ခံမည်မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုလိုက်သည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများ ရုရှားနိုင်ငံနှင့် ပူးပေါင်းမည်ဟု အခမ်းအနားတစ်ရပ်ဖြင့် မကြေညာမီ အမေရိကန်သမ္မတက ထိုသို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ရုရှားသမ္မတပူတင်က ယူကရိန်းနယ်မြေ (၄) ခု ရုရှားနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကြေညာခဲ့သည်။ 

 ဥရောပသမဂ္ဂကလည်း ရုရှား၏ တရားမဝင် နယ်မြေသိမ်းပိုက်မှုကို ဘယ်တော့မှ လက်ခံမည်မဟုတ်ဟု စက်တင်ဘာလ (၃၀) ရက်နေ့တွင် တုံ့ပြန်ခဲ့သည်။



ယူကရိန်း၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson နယ်မြေများတွင် (၅) ရက်ကြာ ပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူ မဲပေးမှုရလဒ်များအရ ထိုနယ်မြေများက ရုရှားနှင့် ပူးပေါင်းရန် ထောက်ခံမဲပေးခဲ့ကြသည်ဟု ရုရှားအစိုးရက ပြောသည်။ 

ထိုနယ်မြေ (၄) ခုမှာ ယူကရိန်းပိုင်နက်၏ (၁၅) ရာခိုင်နှုန်းဖြစ်ပြီး ဟန်ဂေရီနိုင်ငံ၏ အရွယ်အစားခန့်ဖြစ်ကြောင်း သိရသည်။

ရုရှားပြင်ပတွင်မူ ထိုလူထုဆန္ဒခံယူပွဲကို အတုအယောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ 

ယူကရိန်းနယ်မြေများကို သိမ်းပိုက်မှုအတွက် အမေရိကန်က ရုရှားကို အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်သွားမည်ဟု ကြေညာထားသည်။ 

"အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားက ယူကရိန်းအချုပ်အခြာနယ်မြေတွေကို သိမ်းပိုက်လိုက်ပြီလို့ ပြောဆိုမှုတွေကို ဘယ်တော့မှ ဘယ်တော့မှ ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အလွန် ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်" ဟု သမ္မတဂျိုးဘိုင်ဒန်က ပြောသည်။

ရုရှားသမ္မတပူတင်က ယူကရိန်း၏ Zaporizhzhia နှင့် Kherson တို့ကို လွတ်လပ်သည့် နယ်မြေများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီကရီ (၂) ခုကို စက်တင်ဘာလ (၂၉) ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်ပြီး ထိုနယ်မြေများကို ရုရှားအောက်သို့ ထည့်သွင်းရန် လမ်းပွင့်သွားစေခဲ့သည်။ 

ရုရှားအစိုးရမီဒီယာက ဖော်ပြခဲ့သည့် အမိန့်ဒီကရီ စာရွက်စာတမ်းများအရ ထိုနယ်မြေ (၂) ခု၏ လွတ်လပ်ရေးကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် ကုလသမဂ္ဂပဋိညာဥ်နှင့်အညီ အသိအမှတ်ပြုကြောင်း ပြောထားသည်။

သို့သော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရတ်စ်ကမူ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာနယ်မြေကို စစ်အင်အားသုံးပြီး သိမ်းပိုက်ရယူသည့် မည်သည့်သိမ်းပိုက်မှုမဆို ကုလသမဂ္ဂပဋိညာဥ်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ထိုလုပ်ရပ်မှာ အန္တရာယ်ကြီးပြီး ခေတ်သစ်ကမ္ဘာကြီးတွင် ထိုလုပ်ရပ်အတွက် နေရာမရှိကြောင်းလည်း ဂူတာရတ်စ်က ပြောသည်။



ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက နယ်မြေ (၄) ခုနှင့် ပတ်သက်၍ ရုရှားကို မည်သို့ တုံ့ပြန်မည်ကို စက်တင်ဘာလ (၃၀) ရက်နေ့ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဟု သိရသည်။ 

ရုရှားက ၎င်းတိုက်ခိုက်သိမ်းပိုက်ခဲ့သော ယူကရိန်းနယ်မြေ (၄) ခုတွင် စက်တင်ဘာလ (၂၃) ရက်မှ (၂၇) ရက်အထိ လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ၎င်း၏လက်အောက်သို့ တရားဝင် ပူးပေါင်းရောက်ရှိရန် လုပ်ဆောင်ခဲ့သည်။ 

ထိုလူထုဆန္ဒခံယူပွဲတွင် ရုရှားစစ်သားများက တစ်အိမ်တက် တစ်အိမ်ဆင်း မဲများလိုက်လံကောက်ခံခဲ့ကြကြောင်း ယူကရိန်းများက ပြောသည်။

Source: BBC

Photo: GETTY IMAGES, BBC, NATALIA KOLESNIKOVA/AFP, Natacha Pisarenko/AP