အိန္ဒိယတွင် အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် ပြန်လက်ထပ်ရန် စီစဉ်

ကေရှမာဘင်ဒူ အမည်ရှိ အမျိုးသမီး
ကေရှမာဘင်ဒူ အမည်ရှိ အမျိုးသမီး
အိန္ဒိယတွင် အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် ပြန်လက်ထပ်ရန် စီစဉ်
By Mr John

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးတစ်ဦးက ကိုယ့်ကိုယ်ကိုယ် ပြန်လက်ထပ်သည့် မင်္ဂလာပွဲအခမ်းအနား ကျင်းပပြုလုပ်ရန် စီစဥ်ထားရာ အချေအတင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

ကေရှမာဘင်ဒူ အမည်ရှိ အမျိုးသမီးက အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဗာဒိုဒါရာမြို့ရှိ ဘုရားကျောင်းတစ်ခုတွင် ဟိန္ဒူရိုးရာအစဥ်အလာအတိုင်း ကိုယ့်ကိုယ်ကိုယ် လက်ထပ်ထိမ်းမြားသည့် မင်္ဂလာပွဲကျင်းပသွားရန် စီစဥ်ထားကြောင်း သိရသည်။

အသက် (၂၄) နှစ်အရွယ် ကေရှမာက မင်္ဂလာပွဲကျင်းပပြီးနောက် အပန်းဖြေကမ်းခြေနေရာများနှင့် ကျော်ကြားသော ဂိုအာပြည်နယ်သို့ နှစ်ပတ်ကြာ ဟန်နီးမွန်းခရီးထွက်ရန်လည်း စီစဥ်ထားသည်။

ကေရှမာ၏ မင်္ဂလာပွဲအစီအစဥ်မှာ ဟိန္ဒူရိုးရာအစဥ်အလာများအတိုင်း ပြီးပြည့်စုံစွာ စီစဥ်ထားပြီး ပျောက်ဆုံးနေသည်မှာ သတို့သားတစ်ဦး ဖြစ်သည်။

Sologamy ဟုခေါ်သည့် သတို့သားမပါဘဲ ကိုယ့်ကိုယ်ကိုယ် လက်ထပ်ထိမ်းမြားသည့် မင်္ဂလာပွဲအခမ်းအနားများကို လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အနောက်နိုင်ငံများတွင် ကျင်းပလာခဲ့ကြသည်။

ယခုအခါ ကေရှမာက ကိုယ့်ကိုယ်ကိုယ် လက်ထပ်ရန်စီစဥ်ထားရာ သူမ၏ မင်္ဂလာပွဲမှာ အိန္ဒိယတွင် ပထမဆုံးသော Sologamy ဖြစ်လာမည်ဟု ဆိုသည်။

"ကိုယ့်ကိုယ်ကိုယ် လက်ထပ်တာက ကိုယ့်အတွက်ကိုယ်ရှိနေဖို့၊ တက်ကြွမှုအရှိဆုံးနဲ့ လှပပြီး အရမ်းပျော်ရွှင်ရတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနိုင်ဖို့ အသက်မွေးဝမ်းကြောင်းနဲ့ လူနေမှုပုံစံ ရွေးချယ်ဖို့ ကတိကဝတ်ပြုမှုတစ်ခုပါ" လို့ ကေရှမာက ပြောသည်။

ကေရှမာ၏ မိသားစုကလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြပြီး မင်္ဂလာပွဲအခမ်းအနားကို သူမ၏ သူငယ်ချင်းများနှင့်အတူ တက်ရောက်မည်ဟု သိရသည်။

"ကျွန်မရဲ့အမေက ပြောတယ် 'အို! နင်ကတော့ အမြဲတမ်း အသစ်အဆန်းတစ်ခုခုကို စိတ်ကူးတာပဲ'" ဟု ကေရှာမက ဆိုသည်။

ကေရှာမ၏ မိဘတွေက အလွန်ပွင့်လင်းသူများဖြစ်ကြပြီး သူမ ပျော်ရွှင်နေသမျှ ၎င်းတို့ အဆင်ပြေကြောင်း ပြောခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် ပြန်လက်ထပ်သည့် စိတ်ကူးကို လွန်ခဲ့သည့် နှစ် (၂၀) နီးပါးက American ရုပ်သံဇာတ်လမ်းတွဲ 'Sex and the City' တွင် ဇာတ်ကောင်တစ်ဦးဖြစ်သူ Carrie Bradshaw က စတင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုရုပ်သံဇာတ်လမ်းတွဲမှာ ဟာသဒရာမာတစ်ခု ဖြစ်ခဲ့သည်။ ထိုဇာတ်လမ်းတွဲနောက်ပိုင်း ရာနှင့်ချီသည့် ကိုယ့်ကိုယ်ကိုယ် လက်ထပ်သည့်သတင်းများ ရှိလာခဲ့ပြီး အများစုမှာ အနောက်နိုင်ငံများမှအိမ်ထောင်မရှိသော တစ်ကိုယ်ေရတစ်ကာယ အမျိုးသမီးများဖြစ်ကြသည်။

Source: BBC