Twitter နှင့် Facebook  အပြင် Amazon ကလည်း ဝန်ထမ်းအရေအတွက် သောင်းနှင့်ချီ အလုပ်ထုတ်ရန် စီစဥ်နေဟုဆို

Twitter နှင့် Facebook  အပြင် Amazon ကလည်း ဝန်ထမ်းအရေအတွက် သောင်းနှင့်ချီ အလုပ်ထုတ်ရန် စီစဥ်နေဟုဆို
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

 အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ Amazon.com Inc က ရုံးဝန်ထမ်းနှင့် နည်းပညာကဏ္ဍမှ ဝန်ထမ်းများ အပါအဝင် ဝန်ထမ်းအရေအတွက် (၁၀,၀၀၀) ခန့်ကို ယခုသီတင်းပတ်မှစပြီး အလုပ်ထုတ်ရန် စီစဥ်နေကြောင်း ထိုကိစ္စကို သိရှိထားသူတစ်ဦးက နိုဝင်ဘာလ (၁၄) ရက်တွင် ပြောသည်။ 

ဝန်ထမ်းအရေအတွက် ထိုမျှအထိ အလုပ်ထုတ်ခြင်းမှာ လက်ရှိအချိန်အထိ Amazon က ဝန်ထမ်းအင်အား အကြီးဆုံး လျှော့ချမှုလည်း ဖြစ်လာမည်ဟု ဆိုသည်။

New York Times က အစောပိုင်း သတင်းဖော်ပြမှုအရ ယခုစီစဥ်နေသည့် ဝန်ထမ်းလျှော့ချမှုမျာ Amazon ဝန်ထမ်းအရေအတွက်၏ (၃) ရာခိုင်နှုန်းဖြစ်ကြောင်းလည်း သိရသည်။ 

Amazon ကုမ္ပဏီတွင်း ၎င်းတို့၏ ဦးစားပေးများကို ပြန်လည်သုံးသပ်နေရာ ဝန်ထမ်းလျှော့ချမှုနှင့် ပတ်သက်၍ ကိန်းဂဏန်းအတိအကျမှာ ကွဲလွဲနိုင်ကြောင်း သတင်းရင်းမြစ်က Reuters ကို ပြောသည်။

Amazon က အသံဖြင့် ထိန်းချုပ်နိုင်သော "Alexa" ကိရိယာနှင့် နေအိမ်လုံခြုံရေးကင်မရာများ တီထွင်ဖန်တီးသည့် ၎င်း၏ နည်းပညာပစ္စည်းထုတ်လုပ်ရေးအဖွဲ့ရှိ အလုပ်အကိုင်များကို လျှော့ချသွားရန် စီစဥ်နေသည်။ 

ထို့အတူ ၎င်း၏ လူသားအရင်းအမြစ်နှင့် လက်လီအရောင်းဌာနများတွင်လည်း ဝန်ထမ်းလျှော့ချမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ 

Amazon က ဝန်ထမ်းများကို အကြောင်းကြားမည့် သတ်မှတ်အချိန်ကိုမူ အတိအကျ မသိရသေးပေ။

Amazon နှင့် အခြား ကုမ္ပဏီများ ရင်ဆိုင်ကြုံတွေ့နေကြရသည့် မရေရာသော မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်ကြောင့် ယခုကဲ့သို့ ဝန်ထမ်းအစုလိုက်အပြုံလိုက် အလုပ်ထုတ်ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ 

ယခုသတင်းမထွက်မီ နိုဝင်ဘာလ (၁၂) ရက်နေ့က CNN နှင့် အင်တာဗျူးတွင် Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့က ၎င်း၏ ချမ်းသာကြွယ်ဝမှု အများစုကို ပရဟိတအတွက် ပေးလှူးသွားမည်ဟု ပြောခဲ့သည်။

Amazon အပြင် အခြား နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Twitter နှင့် Facebook ၏ မိခင်ကုမ္ပဏီ Meta Platforms တို့ကလည်း အတိုးနှုန်းများ မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် ဥရောပတွင် စွမ်းအင်အကျပ်အတည်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေမှုတို့ကြောင့် ယခု နိုဝင်ဘာလအတွင်း ဝန်ထမ်းအရေအတွက် ထောင်သောင်းချီ အလုပ်ထုတ်ခဲ့ကြောင်း သိရသည်။ 

Twitter က ဝန်ထမ်း (၃,၇၀၀) နှင့် Meta က (၁၁,၀၀၀) ကို အလုပ်ထုတ်ခဲ့သည်။

Source: NY Times, Reuters