အမိမဲ့ ဘဲပေါက်ကလေးများကို မွေးစားဖခင်အဖြစ် ထိန်းသိမ်းစောင့်ရှောက်နေသည့် လာဘရာဒေါခွေးကြီး ဖရက်ဒ်

အမိမဲ့ ဘဲပေါက်ကလေးများကို မွေးစားဖခင်အဖြစ် ထိန်းသိမ်းစောင့်ရှောက်နေသည့် လာဘရာဒေါခွေးကြီး ဖရက်ဒ်
ဇူလိုင် 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း Essex နယ်မြေအတွင်းရှိ Mountfitchet ရဲတိုက်တွင် နေထိုင်သည့် လာဘရာဒေါ အမျိုးအစား ချစ်စဖွယ် ခွေးထီးကြီးတစ်ကောင်က အမိမဲ့ဖြစ်သွားရှာသည့် ဘဲပေါက်ကလေး (၁၅) ကောင်ကို မွေးစားဖခင်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိသည်။

 ဘဲကလေးများ၏ မိခင် ဘဲမကြီး မေရီမှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီးနောက် (၁၅) နှစ်သား ဖရက်ဒ်အမည်ရှိ လာဘရာဒေါခွေးကြီးက ၎င်းတို့ကို ရင်အုပ်မကွာ စောင့်ရှောက်ထားသည်ကို တွေ့ရသည်။

ဖရက်ဒ်က ၂၀၁၈ ခုနှအတွင်းကလည်း အလားတူပင် မိခင်မရှိတော့သည့် ဘဲကလေး (၉) ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ဖူးသည်ဟု ဆိုသည်။

ဓာတ်ပုံများတွင် ဘဲကလေးများက ဖရက်ဒ်၏ ရှေ့ခြေထောက်များကြားတွင် တိုးဝှေ့ပူးကပ်နေကြသလို တစ်ကောင်ကို ခေါင်းပေါ်တွင် တွေ့ရသည်။

 အခြား ဓာတ်ပုံများတွင်လည်း နေရောင်အောက်တွင် ဘဲကလေးများက ဖရက်ဒ်၏နံဘေး စုပြုံဝပ်နေကြသလို ၎င်း၏ကျောပေါ်တွင် သက်သောင့်သက်သာ အနားယူနေကြတာကိုလည်း တွေ့နိုင်သည်။

ပိုင်ရှင်ဖြစ်သူ Mountfitchet ရဲတိုက် ညွှန်ကြားရေးမှူး Jeremy Goldsmith က ဖရက်ဒ် မိသားစုအသစ် တွေ့သွားခြင်းကို မအံ့ဩမိဟု ပြောသည်။ 

"သူ့ကို မွေးလာခဲ့တဲ့ (၁၅) နှစ်အတွင်း ဖရက်ဒ်က ဒီရဲတိုက်မှာ တိရိစ္ဆာန်တွေနဲ့ပဲ အချိန်အများကြီးကုန်ခဲ့တယ်။ ဒါက ကယ်ဆယ်ထားတဲ့ တိရိစ္ဆာန်အမျိုးမျိုးကြားထဲမှာ သူ့ရဲ့ ပြုစုစောင့်ရှောက်တတ်တဲ့ သဘောသဘာဝကို ဒုတိယအကြိမ် မြင်တွေ့ရတာပါ" ဟု ၎င်းကဆိုသည်။

ဖရက်ဒ်က အလွန်တည်ငြိမ်ပြီး နူးညံ့သိမ့်မွေ့သည့် သဘောသဘာဝရှိရာ ဘဲပေါက်ကလေးများမှာ ၎င်းနှင့် ချက်ချင်းပင် တရင်းတနှီး ဖြစ်ခဲ့ကြသည်။ ထိုဘဲကလေးများကို အရွယ်ရောက်လာချိန်အထိ ဖရက်ဒ်နှင့်အတူ ထားရှိသွားမည်ဟု ဆိုသည်။ လာမည့် ရက်များအတွင်း မိခင်ဘဲမကြီး မေရီ ပြန်လာနိုင်ဖွယ်ရှိသည်ဟုလည်း Jeremy Goldsmith က ပြောသည်။

Source: BBC, Daily Mail

Photo: STANSTED MOUNTFITCHET CASTLE,