ယူကရိန်းတောင်ပိုင်းတွင် အရပ်သားများ လိုက်ပါလာသည့်ယာဥ်တန်းကို ရုရှား၏ တိုက်ခိုက်မှုကြောင့် (၂၃) ဦး သေဆုံး

ယူကရိန်းတောင်ပိုင်းတွင် အရပ်သားများ လိုက်ပါလာသည့်ယာဥ်တန်းကို ရုရှား၏ တိုက်ခိုက်မှုကြောင့် (၂၃) ဦး သေဆုံး
အောက်တိုဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းနိုင်ငံတောင်ပိုင်း Zaporizhzhia နယ်မြေတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးယာဥ်တန်းကို ရုရှားတပ်ဖွဲ့က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ (၂၃) ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ 

စက်တင်ဘာလ (၃၀) ရက်နေ့ အစောပိုင်းက Zaporizhzhia နယ်မြေ၏ မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် နောက်ထပ် လူ (၂၈) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် သေဆုံးဒဏ်ရာရသူ အားလုံးမှာ အရပ်သားများဖြစ်ကြောင်း သိရသည်။

ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရသည့် ယာဥ်တန်းတွင် လိုက်ပါလာသူများက ရုရှားသိမ်းပိုက်ထားသည့် နယ်မြေအတွင်းရှိ ဆွေမျိုးသားချင်းများကို သွားရောက်ခေါ်ဆောင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် စီစဥ်လာခဲ့ကြခြင်း ဖြစ်သည်။ 

ရုရှားက ဖွဲ့စည်းခန့်အပ်ထားသည့် ဒေသဆိုင်ရာ တာဝန်ရှိသူများကမူ ထိုခိုက်ခိုက်မှုမှာ ယူကရိန်းလက်ချက်ဟု ပြောခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများ ရုရှားနိုင်ငံနှင့် ပူးပေါင်းမည်ဟု တရားဝင် ကြေညာသွားမည့် အခမ်းအနား မတိုင်မီတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယူကရိန်းပိုင်နက်နယ်မြေများဖြစ်သည့် Zaporizhzhia နှင့် Kherson တို့ကို လွတ်လပ်သည့်နယ်မြေများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီကရီ (၂) ခုကို စက်တင်ဘာလ (၂၉) ရက်နေ့တွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်။

ယူကရိန်း၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson နယ်မြေများတွင် (၅) ရက်ကြာ ပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူ မဲပေးမှုရလဒ်များအရ ထိုနယ်မြေများက ရုရှားနှင့် ပူးပေါင်းရန် ထောက်ခံမဲပေးခဲ့ကြသည်ဟု ရုရှားအစိုးရက ပြောသည်။ 

ထိုနယ်မြေ (၄) ခုမှာ ယူကရိန်းပိုင်နက်၏ (၁၅) ရာခိုင်နှုန်းဖြစ်ပြီး ဟန်ဂေရီနိုင်ငံ၏ အရွယ်အစားခန့်ဖြစ်ကြောင်း သိရသည်။

Source: BBC, Reuters

Photo: OFFICE OF THE PRESIDENT OF UKRAINE, BBC, DNIPROPETROVSK REGIONAL ADMINISTRATION