မန်ယူ ကို ဝယ်မည်ဟု နောက်ပြောင်ခဲ့ခြင်းဖြစ်ကြောင်း အီလွန်မက်စ်ပြော

မန်ယူ ကို ဝယ်မည်ဟု နောက်ပြောင်ခဲ့ခြင်းဖြစ်ကြောင်း အီလွန်မက်စ်ပြော
သြဂုတ် 17, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးရာသီအစတွင် နိုင်ပွဲပျောက်ပြီး ရုန်းကန်နေရသည့် မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ်အသင်းကို ဝယ်ယူမည်ဟု Twitter တွင် ပြောခဲ့ခြင်းမှာ နောက်ပြောင်ပြောနေခြင်းဖြစ်ကြောင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က ဩဂုတ်လ (၁၇) ရက် အစောပိုင်းတွင် ပြန်ပြောခဲ့သည်။

"မဟုတ်ပါဘူးဗျာ။ ဒါက Twitter ပေါ်မှာ နောက်ပြောင်မှုတစ်ခုပါ။ ကျွန်တော်ဘယ်အားကစားအသင်းကိုမှ မဝယ်ပါဘူး" ဟု Twitter အသုံးပြုသူတစ်ဦးက ယူနိုက်တက်ဘောလုံးအသင်းကို ဝယ်မည်ဆိုခြင်းမှာ တကယ်ပြောနေခြင်းဟုတ် မဟုတ် မေးမြန်းခဲ့ရာ မက်စ်က ပြန်ပြောထားခဲ့သည်။ 

"ဒါပေမဲ့ အသင်းတစ်သင်းသင်းကို ဝယ်မယ်ဆိုရင် မန်ယူ (Man U) ပဲ ဖြစ်လိမ့်မယ်ဗျ။ သူတို့ကို ကလေးဘဝကတည်းက  ကျွန်တော် အကြိုက်ဆုံးလေ" ဟု မက်စ်က ဖြည့်စွက်ပြောခဲ့သည်။

မက်စ်က ထိုသို့ ပြန်မဖြေရှင်းမီ အစောပိုင်းတွင် မန်ချက်စတာယူနိုက်တက်ကို ဝယ်မည်ဟု အဓိပ္ပါယ်ရသော "I'm buying Manchester United ur (sic) welcome" ဆိုသည့် Tweet တစ်ခုကို Twitter တွင် ရေးခဲ့ပြီး မည်သည့်အသေးစိတ်ကိုမျှ မပြောထားခဲ့ပေ။ 

၎င်းတို့အားပေးသည့် ကလပ်အသင်း၏ အခြေအနေကို မကျေမနပ်ဖြစ်နေသည့် ယူနိုက်တက်ပရိသတ်အချို့က ကလပ်အသင်းကို ဝယ်ယူရန် မက်စ်ကို Twitter တွင် ယခင်က တိုက်တွန်းခဲ့ကြဖူးသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မက်စ်က လက်ရှိတွင် Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူမည်ဟု သဘောတူညီမှုနှင့် ပတ်သက်၍ အကောင့်တုကိစ္စ အချက်အလက်များ မရရှိခြင်းကြောင့် အရောင်းအဝယ်ကို ဆိုင်းငံ့ထားသည်။ 

အကောင့်တုနှင့် spam အကောင့်များဆိုင်ရာ အချက်အလက်များ မပေးအပ်ပါက အရောင်းအဝယ် သဘောတူညီမှု ဖျက်သိမ်းနိုင်ကြောင်းလည်း မက်စ်က ပြောခဲ့သည်။

 

Twitter ဘက်ကလည်း မက်စ်၏ သဘောတူညီမှုအတိုင်း ဆက်ဖြစ်စေရန် ဥပဒေကြောင်းအရ ဆောင်ရွက်နေကြောင်း သိရသည်။

Source: Reuters