ရှန်ဟိုင်းမြို့၏ COVID-19  App သုံးသူ (၄၈.၅) သန်း၏ အချက်အလက်များကိုရောင်းမည်ဟု ဟက်ကာက ကမ်းလှမ်း

Photo: REUTERS/Aly Song
Photo: REUTERS/Aly Song
ရှန်ဟိုင်းမြို့၏ COVID-19  App သုံးသူ (၄၈.၅) သန်း၏ အချက်အလက်များကိုရောင်းမည်ဟု ဟက်ကာက ကမ်းလှမ်း
By Mr John

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က ထုတ်လုပ်ထားသည့် COVID-19 ကျန်းမာရေးဆိုင်ရာ App တစ်ခုမှ အသုံးပြု (၄၈.၅) သန်း၏ ကိုယ်ရေးအချက်အလက်များကို ရရှိထားပြီး ရောင်းချသွားမည်ဟု ဟက်ကာတစ်ဦးက ကမ်းလှမ်းထားသည်။ 

ယခုဖြစ်ရပ်မှာ တစ်လကျော်အတွင်း တရုတ်စီးပွားရေးမြို့တော်၏ ဒုတိယအကြိမ် အချက်အလက် ကျိုးပေါက်မှုဟု ဆိုသည်။

ဟက်ကာက ဖုန်းနံပါတ်၊ အမည်နှင့် တရုတ်မှတ်ပုံတင်နံပါတ်များနှင့် ကျန်းမာရေးအခြေအနေ ပါဝင်သော လူ (၄၇) ဦး၏ အချက်အလက် နမူနာစာရင်းတစ်ခု ထုတ်ဖော်ပြသထားသည်။ 

၎င်းတို့အနက်မှ (၁၁) ဦးကို Reuters သတင်းဌာနက ဆက်သွယ်စုံစမ်းခဲ့ရာ ထိုစာရင်းထဲတွင် ၎င်းတို့၏အချက်အလက်များ ပါဝင်နေကြောင်း အတည်ပြုခဲ့ပြီး (၂) ဦးကမူ ၎င်းတို့၏ မှတ်ပုံတင်နံပါတ်များ မှာယွင်းနေသည်ဟု ဆိုသည်။

"Suishenma QR code စနစ် စတင်အသုံးပြုချိန်ကစပြီး ရှန်ဟိုင်းမှာ နေထိုင်သူ သို့မဟုတ် ရှန်ဟိုင်းကို လာရောက်ခဲ့သူ အားလုံးရဲ့ အချက်အလက်တွေ ပါဝင်ပါတယ်" ဟု XJP ဟု အမည်ဖော်ပြထားသူ ဟက်ကာက ပြောထားပြီး အမေရိကန်ဒေါ်လာ (၄,၈၅၀) ဖြင့် ရောင်းချမည်ဟု မူလက ကမ်းလှမ်းထားခဲ့ပြီး နောက်ပိုင်းတွင် ဈေးလျှော့ချခဲ့ကြောင်း သိရသည်။

Suishenma မှာ လူဦးရေ (၂၅) သန်းရှိ ရှန်ဟိုင်းမြို့၏ ကျန်းမာရေးအခြေအနေပြ code စနစ်၏ တရုတ်အမည်ဖြစ်ပြီး အခြား တရုတ်နိုင်ငံ၏ မြို့များတွင်လည်း အလားတူစနစ်ကို အသုံးပြုကြသည်။ 

ရှန်ဟိုင်းတွင် COVID-19 ကူးစက်မှု တိုက်ဖျက်ရေးအတွက် ထိုစနစ်ကို ၂၀၂၀ ပြည့်နှစ် အစောပိုင်း၌ စတင်အသုံးပြုခဲ့သည်။ 

ရှန်ဟိုင်းမြို့ခံများနှင့် မြို့သို့လာရောက်သူ အားလုံးက Suishenma QR code စနစ် App တွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီး အသုံးပြုကြရသည်။

ထို App က ခရီးသွားလာမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းရယူပြီး COVID-19 နှင့် ပတ်သက်၍ လူတစ်ဦးချင်းစီအတွက် ဗိုင်းရပ်စ်ရှိ မရှိ အခြေအနေကို အနီရောင်၊ အဝါရောင် သို့မဟုတ် အစိမ်းရောင်အဖြစ် ခွဲခြားဖော်ပြပေးပြီး အသုံးပြုသူက အများပြည်သူဆိုင်ရာ နေရာများကို ဝင်ရောက်ပါက App ကိုတွင်ပါရှိသည့် မိမိ၏ သက်ဆိုင်ရာ QR code ကို ပြသရကြောင်း သိရသည်။

ဇူလိုင်လအတွင်းကလည်း ရှန်ဟိုင်းမြို့ရဲတပ်ဖွဲ့ထံမှ တရုတ်နိုင်ငံသား (၁) ဘီလီယံ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူနိုင်ခဲ့ကြောင်း ဟက်ကာတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။ 

ထိုအချက်အလက် ကျိုးပေါက်မှုမှာ သမိုင်းတစ်လျှောက် အကြီးဆုံး အချက်အလက်ကျိုးပေါက်မှုများအနက်မှ တစ်ခုဖြစ်လာမည်ဟု ကျွမ်းကျင်သူတွေက ဆိုသည်။

"ChinaDan" ဟု ဖော်ပြထားသော အမည်မသိ အင်တာနက်အသုံးပြုသူက ပြီးခဲ့သည့် သီတင်းပတ်အတွင်း အချက်အလက်ပမာဏ 23 terabytes (TB) ကို အမေရိကန်ဒေါ်လာ (၂၀၀,၀၀၀) နှင့် ညီမျှသည့် bitcoin (၁၀) ခုဖြင့် ရောင်းချမည်ဟု ဟက်ကာဖိုရမ်တစ်ခုဖြစ်သော Breach Forums တွင် ပို့စ်ရေးသားပြီး ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

Source: Reuters