အီရန်နိုင်ငံတွင် မိန်းကလေးကျောင်းများကို အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုများကြောင့် ကျောင်းသူ (၁၀၀) ကျော် ဆေးရုံတင်ခဲ့ရ

အီရန်နိုင်ငံတွင် မိန်းကလေးကျောင်းများကို အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုများကြောင့် ကျောင်းသူ (၁၀၀) ကျော် ဆေးရုံတင်ခဲ့ရ
By Mr John

 

အီရန်နိုင်ငံတွင် မိန်းကလေးကျောင်းများကို   အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုများ မတ်လ (၁) ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကျောင်းသူ (၁၀၀) ကျော်ကို ဆေးရုံတင်ထားရကြောင်း မီဒီယာများက သတင်းဖော်ပြသည်။ 

ပြီးခဲ့သည့် (၃) လအတွင်း အီရန်နိုင်ငံတဝန်းရှိ မိန်းကလေးကျောင်းများတွင် အသက်ရှူကျပ်မှုကြောင့် ဆေးရုံရောက်ခဲ့သည့် ကျောင်းသူများ ရာနှင့်ချီရှိခဲ့ပြီး အစိုးရအရာရှိတစ်ဦး၏ အဆိုအရ မိန်းကလေး စာသင်ကျောင်းများပိတ်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်နိုင်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် မတ်လ (၁) ရက်နေ့ကဖြစ်ပွားခဲ့သည့် သံသယဖြစ်ဖွယ် တိုက်ခိုက်မှုတွင် အနည်းဆုံး မိန်းကလေးကျောင်း (၁၀)ကျောင်းကို ပစ်မှတ်ထားခဲ့ပြီး (၇) ကျောင်းမှာ နိုင်ငံအနောက်မြောက်ပိုင်း Ardabil မြို့တွင်ဖြစ်ပြီး နောက်ထပ် စာသင်ကျောင်း (၃) ကျောင်းမှာ တီဟီရန်မြို့တော်တွင်ဖြစ်ကြောင်း အီရန်မီဒီယာက ဖော်ပြသည်။ 

Ardabil မြို့တွင် ဖြစ်ပွားခဲ့သည့်  ဓာတ်ငွေ့ဖြင့်တိုက်ခိုက်မှုကြောင့် ကျောင်းသူ (၁၀၈) ဦးကို ဆေးရုံတင်ခဲ့ရပြီး ၎င်းတို့အားလုံး အခြေအနေတည်ငြိမ်သည်ဟု Tasnim သတင်းဌာနက ပြောသည်။

 

မိဘများကို ကိုးကားပြီး Fars သတင်းဌာန၏ ဖော်ပြမှုအရ တီဟီရန်မြို့တော် အနောက်ပိုင်း Theransar ရပ်ကွက်ရှိ မိန်းကလေး အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသူများ အဆိပ်ဖြန်းဆေးဖြင့် အဖြန်းခံခဲ့ရသည်ဟု သိရသည်။ 

မိန်းကလေးကျောင်းများကို အဆိပ်ဖြင့် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေမှုနှင့် ဆက်စပ်၍ သံသယရှိသူ (၃) ဦးကို ဖမ်းဆီးထားကြောင်းလည်း Fars က ဖော်ပြသည်။ 

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ မိန်းကလေးကျောင်းများကို ပဟေဠိဆန်ဆန် အဆိပ်ဖြင့် တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် မတ်လ (၁) ရက်နေ့ ဖြစ်ရပ်မတိုင်မီအထိ ကျောင်းသူ (၁,၂၀၀) နီးပါး အသက်ရှူကျပ်ခဲ့ပြီး ဆေးရုံတင်ခဲ့ရကြောင်း လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (၃) လအတွင်း မိန်းကလေးကျောင်းများကို အဆိပ်ဖြင့် တိုက်ခိုက်မှုများကြောင့် တီဟီရန်မြို့၏ တောင်ဘက်ရှိ Qom ဘာသာရေးမြို့တွင် ကျောင်းသူ (၈၀၀) နီးပါးနှင့် နိုင်ငံအနောက်ပိုင်း Borujerd မြို့တွင် ကျောင်းသူ (၄၀၀) ကို ဆေးရုံတင်ခဲ့ရကြောင်း အီရန်လွှတ်တော် ကျန်းမာရေးကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် Zahra Sheikhi က ဆိုသည်။ 

ယခုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မိန်းကလေးများ၏ ပညာသင်ကြားရေးကို ဆန့်ကျင်သည့် သဘောထားတင်းမာသူများကို အီရန်အာဏာပိုင်များက သံသယရှိနေကြောင်း သိရသည်။



Source: Bangkok Post