ဗီယက်နမ်နိုင်ငံတွင် လေတိုက်နှုန်း တစ်နာရီလျှင် (၁၁၃) မိုင်ကျော်သည့် မုန်တိုင်းအန္တရာယ်ကြောင့် လေဆိပ်များ ပိတ်ပြီး ကာဖျူး အမိန့်ထုတ်ထားရ

ဗီယက်နမ်နိုင်ငံတွင် လေတိုက်နှုန်း တစ်နာရီလျှင် (၁၁၃) မိုင်ကျော်သည့် မုန်တိုင်းအန္တရာယ်ကြောင့် လေဆိပ်များ ပိတ်ပြီး ကာဖျူး အမိန့်ထုတ်ထားရ
စက်တင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဗီယက်နမ်နိုင်ငံကို ဦးတည်နေသည့် တိုင်ဖွန်းနိုရူ (Typhoon Noru) မှာ ပိုမိုအားကောင်းလာနေရာ ဗီယက်နမ်အာဏာပိုင်များက စက်တင်ဘာလ (၂၇) ရက်နေ့တွင် လေဆိပ်များပိတ်ပြီး ကာဖျူးအမိန့်ထုတ်ပြန်ထားကြောင်းနှင့် နောက်ထပ် လူဦးရေ ထောင်နှင့်ချီ ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

 ထိုမုန်တိုင်းမှာ ဗီယက်နမ်ကို ဦးတည်မလာမီ ဖိလစ်ပိုင်နိုင်ငံတွင် ဖြတ်သန်းတိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ (၈) ဦး သေဆုံးပြီး ရေကြီးရေလျှံမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။

တိုင်ဖွန်းနိုရူမှာ နှစ်ပေါင်း (၂၀) အတွင်း ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်သည့် အားအကောင်းဆုံး မုန်တိုင်းတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ 

မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် ဗီယက်နမ်တွင် လေကြောင်းခရီးစဥ် ရာနှင့်ချီ ဖျက်သိမ်းခဲ့ပြီး နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ်များတွင် လူဦးရေ ထောင်နှင့်ချီ ရွှေ့ပြောင်းနေခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာလ (၂၇) ရက် နှောင်းပိုင်းတွင် မုန်တိုင်းနိုရူ၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၁၃) မိုင်ကျော်ရှိကြောင်း ဗီယက်နမ် မိုးလေဝသဌာနက ထုတ်ပြန်သည်။ 

တိုင်ဖွန်းမုန်တိုင်းနိုရူက ဗီယက်နမ်ကုန်းတွင်းပိုင်းကို စက်တင်ဘာလ (၂၈) ရက်နေ့တွင် ဝင်ရောက်မည်ဖြစ်ပြီး ထို့နောက် အားလျော့သွားကာ ထိုင်းနိုင်ငံကို ဦးတည်ရွေ့လျားသွားမည်ဟုလည်း ခန့်မှန်းထားသည်။ 

ထိုမုန်တိုင်းမှာ စက်တင်ဘာလ (၂၉) ရက်တွင် အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီး ထိုင်းကိုဝင်မည်ဟု ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်ထားသည်။

ဗီယက်နမ်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စစ်ဘက်အမှုထမ်း (၂၇၀,၀၀၀) ခန့်ကို အသင့်အနေအထားဖြင့် ရှိနေစေကြောင်း သိရသည်။ 

ဗီယက်နမ်ဝန်ကြီးချုပ် Minh Chinh က ကြိုတင်ပြင်ဆင်မှုများ မြန်ဆန်စွာ လုပ်ဆောင်ကြရန် အာဏာပိုင်များကို ညွှန်ကြားထားသည်ဟု ဆိုသည်။ 

"ပြည်သူတွေရဲ့ အသက်အိုးအိမ်က ထိပ်တန်း ဦးစားပေးဖြစ်ပြီး ရွှေ့ပြောင်းမှုကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ရမယ်" ဟု ဗီယက်နမ်ဝန်ကြီးချုပ်က ပြောသည်။

ဗီယက်နမ်အလယ်ပိုင်းရှိ အဓိက ရေနံချက်စက်ရုံတစ်ခု တည်ရှိနေသည့် Quang Ngai ပြည်နယ်နှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ Hoi An တည်ရှိရာ Quang Nam ပြည်နယ်တို့မှာ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အဆိုးဆုံး ကြုံတွေ့ရမည်ဟု ခန့်မှန်းထားသည်။ 

Quang Nam ပြည်နယ်တွင် ဒေသခံများက ၎င်းတို့၏ နေအိမ်များကို အုတ်ခဲများနှင့် သဲအိတ်များချပြီး ကြိုတင်ပြင်ဆင်နေကြသည်။ 

ထိုပြည်နယ်တွင် ကာဖျူးအမိန့်ထုတ်ထားပြီး လူဦးရေ (၁၃၃,၀၀၀) ကို ၎င်းတို့၏ နေအိမ်များမှ မဖြစ်မနေ ရွှေ့ပြောင်းစေခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားသည့် Danang နှင့် Hue မြို့များတွင်လည်း ဒေသဆိုင်ရာ အစိုးရများက ကာဖျူးအမိန့်များ ထုတ်ပြန်ထားသည်။  

ဗီယက်နမ်အာဏာပိုင်တွေက Central Highlands မြောက်ပိုင်းရှိ ကော်ဖီစိုက်ခင်းများကို လုံခြုံမှုရှိစေရန် အချိန်လု လုပ်ဆောင်နေကြသည်။ 

"မုန်တိုင်းက အလွန်အားကောင်းတယ်။ ကုန်းတွင်းပိုင်း မဝင်သေးချိန်မှာတောင် မုန်တိုင်းသက်ရောက်မှုကို စပြီးခံစားနေရတယ်" ဟု ဗီယက်နမ်မိုးလေဝသဌာန အကြီးအကဲ Mai Van Khiem က ပြောသည်။ 

မုန်တိုင်းအန္တရာယ်အရှိဆုံး အချိန်မှာ စက်တင်ဘာလ (၂၇) ရက် နှောင်းပိုင်းမှစပြီး (၁၀) နာရီမှ (၁၂) နာရီအတွင်းဖြစ်ကြောင်းလလည်း ၎င်းကဆိုသည်။

တိုင်ဖွန်းနိုရူမှာ ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်ခဲ့သည့် အားအကောင်းဆုံး မုန်တိုင်းဖြစ်ခဲ့ပြီး စက်တင်ဘာလ (၂၅) ရက် ညပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ခဲ့သည်။ 

ထိုမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် စိုက်ပျိုးမြေများနှင့် လူနေရပ်ကွက်များ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ပြီး အဓိကအားဖြင့် ဆန်စပါးဖြစ်သော ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဖိလစ်ပိုင်ပီဆိုငွေ (၁.၂၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၈၂) သန်းရှိခဲ့ကြောင်း သိရသည်။ 

မုန်တိုင်းတိုက်ခတ်ပြီးနောက် ဖိလစ်ပိုင်တွင် စက်တင်ဘာလ (၂၇) ရက်နေ့က လူဦးရေ (၄၆,၀၀၀) ခန့် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေကြရဆဲဖြစ်ပြီး နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောသည်။

Source: Reuters, Bangkok Post

Photo:  REUTERS/Eloisa Lopez, Aaron Favila, AP