တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား(၂)ဦး နှင့် မြန်မာနိုင်ငံသူတို့ထံက လက်နက် နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသား(၂)ဦး နှင့် မြန်မာနိုင်ငံသူတို့ထံက လက်နက် နှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဆေခမ်းရပ်ကွက်အတွင်း၌ ထိုင်းနိုင်ငံသား(၂)ဦးနှင့် မြန်မာနိုင်ငံသူ (၁)ဦး တို့ကို သေနတ်အပါအဝင် ကျပ်သိန်းပေါင်း(၂၁၂)သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်း အာခါဗုဒ္ဓကျောင်းလမ်းရှိ နေအိမ်တစ်အိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့က ဝင်ရောက်ရှာဖွေရာမှ နေအိမ်တွင် ထိုင်းနိုင်ငံသား အမျိုးသား(၂)ဦး နှင့် မြန်မာနိုင်ငံသူ (၁)ဦးတို့ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေအိမ်အတွင်း ရှာဖွေရာမှ အိပ်ယာကုတင်ခေါင်းရင်းတွင် ချက်နိုင်ငံထုတ် ပစ္စတိုသေနတ် (၁)လက် နှင့် ကျည်အိမ် (၂)ခု အပါအဝင် 9MM Luger ကျည်(၅)တောင့်ကို တွေ့ရှိ သိမ်းဆည်းရရှိကြောင်း သိရသည်။

တဆက်တည်းမှာပင် အဆိုပါ နေအိမ်ထဲက ကတ်တမင်း အလေးချိန် စုစုပေါင်း (၂.၅)ကီလို နှင့် Wy စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း(၆၀)ပြားကို တွေ့ရှိ ရ၍ အဆိုပါ မူးယစ်ဆေးဝါးများ၏ တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၁၂)သိန်းကျော်ရှိသည်ဟု သိရသည်။

 လက်နက်နှင့်မူးယစ်ဆေးဝါးတို့ဖြင့် ဖမ်းမိသည့် အသက် (၃၁)နှစ်ရှိ နာဝါ နှင့် ထိုင်းနိုင်ငံသားများဖြစ်သည့် အသက်(၃၈)နှစ်အရွယ် နိုင်ကစ်သီဆတ် ကျန်ကလင်မ် နှင့် အသက်(၃၅)နှစ် အရွယ် နီဝမ်ချုင်းခွန်ထပ် တို့ကို  ဟောင်လိတ်နယ်မြေရဲစခန်းတွင် မယ(ပ)၄၈/၂၀၂၂၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ  ၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများမှာ ထိုင်းနိုင်ငံဘက်က အလိုရှိသည့် မူးယစ်တရားခံပြေးများ ဟုတ် မဟုတ် နှင့် နိုင်ငံအတွင်း တရားဝင် ရောက်ရှိလာခြင်း ဟုတ် မဟုတ်ကိုပါ စစ်ဆေးနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

#TachileikNewsAgency