မိုင်းဖြတ်မြို့တွင် မူးယစ်ဆေးဝါးနှင့်အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိပြီးနောက် ရောင်းချပေးသူအား တာလေမြို့တွင် ဆက်လက်ဖမ်းမိ

မိုင်းဖြတ်မြို့တွင် မူးယစ်ဆေးဝါးနှင့်အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိပြီးနောက် ရောင်းချပေးသူအား တာလေမြို့တွင် ဆက်လက်ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိရာမှ မူးယစ်ဆေးဝါးများ ရောင်းချပေးသူ အမျိုးသမီးတစ်ဦးအား တာလေမြို့တွင် ကွင်းဆက်တရားခံအဖြစ် ဆက်လက် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မိုင်းဖြတ်မြို့နယ်အတွင်း တောညုကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာအနီး တာချီလိတ် - မိုင်းဖြတ်သွား ကာလမ်းပေါ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေရာ အားကာ ဆိုသူသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာရာ ၎င်းအား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ အားကာ အား စစ်ဆေးရာ ၎င်းလွယ်ထားသည့် ဆာလာအိတ်ငယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၄,၀၀၀)ပြားကို သိမ်းဆည်းရမိပြီး ဆက်လက်၍ စစ်ဆေးရာ  မူးယစ်ဆေးဝါးများကို ရောင်းချပေးသည့် ငြိမ်းငြိမ်းသွယ် (ခ) ချိုမာဝင်းအား ကွင်းဆက်တရားခံအဖြစ် တာလေမြို့ နားယောင်းကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အသက်(၂၈)နှစ်အရွယ်ရှိ အားကာ နှင့် အသက်(၂၄)နှစ်အရွယ်ရှိ ငြိမ်းငြိမ်းသွယ်(ခ)ချိုမာဝင်းတို့ကို အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။