တာချီလိတ်ခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးရန် ကွင်းဆင်းပြီး စာရင်းကောက်ယူနေ

တာချီလိတ်မြို့ တာလော့ရပ်ကွက်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်းကောက်ယူနေစဉ်
တာချီလိတ်မြို့ တာလော့ရပ်ကွက်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်းကောက်ယူနေစဉ်
တာချီလိတ်ခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးရန် ကွင်းဆင်းပြီး စာရင်းကောက်ယူနေ
ဇန်နဝါရီ 26, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးရန် အသက် (၁၈)နှစ်နှင့် အထက် လူဦးရေစာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် စာရင်းကောက်အဖွဲ့များဖြင့် လိုက်လံကောက်ယူနေပြီ ဖြစ်သည်။



ကျွန်တော်တို့ စာရင်းကောက်အဖွဲ့တွေက မြို့ပေါ်မှာ ရပ်ကွက်အလိုက် လိုက်ပြီး ကောက်ပါမယ်။ အဲဒီတော့ (၁၈)နှစ်အထက် အလုပ်အကိုင်အလိုက် ဦးစားပေးအဆင့် နိုင်ငံတော်က ခွဲပေးထားတဲ့ အုပ်စုတွေရှိပါတယ်။ အဲဒီဦးစားပေးအဆင့်အလိုက် ကျွန်တော်တို့ ဌာနဆိုင်ရာတွေ ပူးပေါင်း ဖွဲ့စည်းပေးထားတဲ့ စာရင်းကောက်အဖွဲ့တွေက လိုက်ကောက်နေပါတယ်။ ဒီနေ့ပဲ စပြီးတော့ မြို့နယ်အလိုက် မြို့နယ်အလိုက် စတင်ဆောင်ရွက်နေပါပြီ

ဟု တာချီလိတ်ခရိုင် Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ကိုဗစ်ကာကွယ်ဆေးကို ဆေးရရှိလာမှုအပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ရာ ဦးစားပေးအုပ်စုပေါင်း (၂၀) ခွဲခြားထားသည့် အသေးစိတ်အချက်အလက်များကို ဌာနဆိုင်ရာများ ပါဝင်သည့် စာရင်းကောက်အဖွဲ့များက  ဇန်နဝါရီလ (၂၉) ရက်နေ့ နောက်ဆုံးထား၍ စာရင်းများ လိုက်လံကောက်ယူနေခြင်းဖြစ်သည်။



မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံက လက်ဆောင်အဖြစ် ပေးပို့လာသည့် COVID –SHIELD (AstraZeneca) ကာကွယ်ဆေးများကို ကိုဗစ်ရောဂါကုသထိန်းချုပ်ရေး လုပ်ဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများအား ဇန်နဝါရီလ (၂၁) ရက်နေ့၌ စတင်ထိုးနှံပြီး ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းအား စတင်မည်ဖြစ်သည်။



မြန်မာအစိုးရက ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိချိန်တွင် ဦးစားပေးအုပ်စုအဆင့်အဆင့်အား ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ရာ စာရင်းကောက်ယူ၍ ဦးစားပေးအုပ်စုများ ခွဲခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးသင်တန်းပို့ချခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ကျန်းမာရေးဝန်ထမ်းများအတွက် ပေးပို့လာသည့် COVI –SHIELD (AstraZeneca) ဆေးအလုံးရေ (၁၆၅၂) လုံး ဇန်နဝါရီလ (၂၆) ရက်နေ့၌ တာချီလိတ်လေဆိပ်သို့ Air KBZ လေယာဉ်ဖြင့် သယ်ဆောင်ပေးလာပြီး တာချီလိတ်ခရိုင် Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်ကုသရေးကော်မတီက လက်ခံရယူကာ ကျန်းမာရေးဌာနတာဝန်ရှိသူများက ကာကွယ်ဆေးများ သိုလှောင်ဖြန့်ဖြူးပို့ဆောင်ခြင်းကို လုပ်ဆောင်နေပြီဖြစ်သည်။



Tachileik News Agency

သတင်း - ချယ်ရီထိုက်

ဓာတ်ပုံ - ကျော်ဇင်ဟိန်း



 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။