ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် သံဃာများ မူးယစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ကျောင်းတွင် ဘုန်းကြီးမရှိဖြစ်သွားခဲ့

ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် သံဃာများ မူးယစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ကျောင်းတွင် ဘုန်းကြီးမရှိဖြစ်သွားခဲ့
နိုဝင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းငယ်တစ်ခုရှိ ဘုန်းကြီးများကို ဆေးစစ်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲကြောင်း တွေ့ရှိရပြီးနောက် ထိုဘုရားကျောင်းတွင် ဘုန်းကြီး မရှိတော့သည့် အခြေအနေဖြစ်သွားခဲ့သည်။ 

ထိုင်းနိုင်ငံမြောက်ပိုင်း ဝဇိရပူရဏ ပြည်နယ်ရှိ ထိုဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ဘုန်းကြီး (၄) ပါးကို ဆေးစစ်ခဲ့ရာ မက်သာအမ်ဖက်တမင်း (methamphetamine) စိတ်ကြွဆေးသုံးထားကြောင်း တွေ့ရှိခဲ့ရသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောသည်။

နောက်ပိုင်းတွင် ဘုန်းကြီးများကို မူးယစ်ဆေးဝါးဖြတ်ပြီး ပြန်လည်ထူထောင်ရေးအတွက် ဆေးခန်းတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း Boonlert Thintapthai က ဆိုသည်။ 

ထိုဘုန်းကြီးများ သီတင်းသုံးနေထိုင်ရာ ဘုရားကျောင်းကို မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရေး တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ဆောင်ရွက်နေမှုအရ ဝင်ရောက်စီးနင်းခဲ့ စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ရဲတပ်ဖွဲ့က ဘုန်းကြီးများကို ဆီးစစ်ခဲ့ရာ မူးယစ်ဆေးဝါးသုံးထားကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့ကို ဘုရားကျောင်းမှ ဖယ်ရှားခဲ့သည်။ 

ထိုဘုရားကျောင်းကို မည်သည့်သတင်းအရ ရဲတပ်ဖွဲ့က သတိပြုမိပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်းကိုမူ အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောခဲ့ခြင်း မရှိပေ။ 

"အခု ဘုရားကျောင်းမှာ ဘုန်းကြီး မရှိတော့ဘူး။ အနီးအနားက ကျေးရွာသားတွေကတော့ သူတို့ ကုသိုလ်ကောင်းမှု မလုပ်နိုင်မှာကို စိုးရိမ်ပူပန်နေကြတယ်" ဟု Thintapthai က AFP ကို ပြောသည်။

သို့သော် သက်ဆိုင်ရာ ဒေသခံ ဆရာတော်ကြီးများက ဝဇိရပူရဏပြည်နယ် Bung Sam Phan ခရိုင်ရှိ ထိုဘုရားကျောင်းတွင် သီတင်းသုံးနေထိုင်ရန် ဘုန်းကြီးအချို့ကို စေလွှတ်သွားမည်ဟု ကတိပြုထားကြောင်း ၎င်းကဆိုသည်။ 

မကြာသေးမီ နှစ်များအတွင်း ထိုင်းနိုင်ငံတွင် မက်သာအမ်ဖက်တမင်း မူးယစ်ဆေးဝါးမှာ အဓိက ပြဿနာတစ်ရပ် ဖြစ်လာပြီး ၂၀၂၁ ခုနှစ်တွင် ပမာဏအများဆုံး စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ အချက်အလက်များအရ သိရှိရသည်။

ထိုင်းနိုင်ငံမှာ မက်သာအမ်ဖက်တမင်း ကုန်သွယ်မှုအတွက် အဓိက ဖြတ်သန်းသည့်နေရာ ဖြစ်နေသည်။ 

မက်သာအမ်ဖက်တမင်း အများဆုံး ထုတ်လုပ်နေသည့် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးများ လာအိုမှတစ်ဆင့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

မက်သာအမ်ဖက်တမင်း ဆေးပြားများကို ဘတ်ငွေ (၅၀) ဝန်းကျင်ဖြင့် ရောင်းချနေသည်ဟု ဆိုသည်။

Source: BBC