အာဏာသိမ်းစစ်ကောင်စီအပါအဝင် အာဏာသိမ်းကောင်စီနှင့် ဆက်စပ်သူ (၁၆)ဦးတို့ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက ဒဏ်ခတ် ပိတ်ဆို့

အာဏာသိမ်းစစ်ကောင်စီအပါအဝင် အာဏာသိမ်းကောင်စီနှင့် ဆက်စပ်သူ (၁၆)ဦးတို့ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက ဒဏ်ခတ် ပိတ်ဆို့

နိုင်ငံ့အာဏာသိမ်းပြီး ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းနေသည့် စစ်ကောင်စီအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်သူ (၁၆) ဦးကို ဒဏ်ခတ်ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ထပ်တိုးထည့်သွင်းလိုက်ကြောင်း အမေရိကန်  ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အာဏာသိမ်းအုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် ဗြိတိန်နှင့် ကနေဒါကလည်း အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပူးပေါင်းဆောင်ရွက်သည်ဟု အမေရိကန်  ဘဏ္ဍာရေးဝန်ကြီးဌာနကို ကိုးကား၍ Bloomberg သတင်းတွင် ဖေါ်ပြထားသည်။

အမေရိကန်ပြည်ထောင်စုက ထပ်တိုးလိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် အာဏာသိမ်းစစ်ကောင်စီအပါအဝင် ကောင်စီဝင် (၄) ဦးဖြစ်သည့် မန်းငြိမ်းမောင်၊ သိန်းညွန့်၊ စိုင်းလုံးဆိုင်နှင့် ခင်မောင်ဆွေတို့ကိုလည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသည့် ဝန်ကြီးများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး (ဒုတိယဗိုလ်ချုပ်ကြီး) ထွန်းထွန်းနောင်၊  ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းငြိမ်း ၊  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပွင့်ဆန်း၊  ဘဏ္ဍာရေးဝန်ကြီး ဝင်းရှိန်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ သိန်းစိုး၊ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့်  သဘာဝသယံဇာတရေးရာဝန်ကြီး ခင်မောင်ရီတို့ကိုလည်းကောင်း၊ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ် မောင်မောင်ကျော်၏ သားများဖြစ်သည့် ဟိန်းထက်နှင့် ကောင်းထက်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၏ သမီး ယဉ်မင်းသူတို့ကိုလည်းကောင်း ထပ်တိုး ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ပြည်သူရွေးကောက်သည့်အစိုးရအားဖမ်းဆီးကာ စစ်အာဏာသိမ်းသည့် စစ်ခေါင်းဆောင်များဖြစ်ကြသည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ယာယီသမ္မတ ဦးမြင့်ဆွေတို့ကို ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ကတည်းက အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု လုပ်ထားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနည်းတူ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့တို့ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ အာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်သည့်လုပ်ငန်းများကို အသီးသီးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဖုသျှကြယ် (ကျောက်မျက်ရတနာ) ကုမ္ပဏီလီမိတက် (Cancri (Gems & Jewelley) Company Limited)၊ မြန်မာအင်ပီးရီးရယ်ဂျိတ် (ကျောက်မျက်ရတနာ) ကုမ္ပဏီ လီမိတက် (Myanmar Imperial Jade (Gems & Jewellery) Co., Ltd.)၊ မြန်မာ ရူဘီ အင်တာပရိုက်(စ်) ကျောက်မျက်ရတနာ ကုမ္ပဏီ လီမိတက် (Myanmar Ruby Enterprise (Gems & Jewellery) Co., Ltd.) စသည့် ကျောက်မျက်ရတနာလုပ်ငန်းများကိုလည်း ဒဏ်ခတ်ပိတ်ဆို့ခံထားရခြင်းဖြစ်သည်။

ယင်းအပြင်  ဥရောပသမဂ္ဂက အာဏာသိမ်းစစ်တပ်ပိုင်လုပ်ငန်းများဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်၊ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်ထောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ဗညားအောင်မိုးနှင့် ချစ်နိုင် (စိတ်ပညာ) တို့အပါအဝင် စစ်အာဏာသိမ်းမှုနှင့် ဆက်နွှယ်သူ စုစုပေါင်း (၃၅) ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားခြင်းဖြစ်သည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့မှာ   လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်မှုဖြင့် ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ ခံထားရသူများလည်း ဖြစ်သည်။