နာမည်ကြီး K-pop အဖွဲ့  BTS အဖွဲ့ဝင်များ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းတော့မည်

 နာမည်ကြီး K-pop အဖွဲ့  BTS အဖွဲ့ဝင်များ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းတော့မည်
အောက်တိုဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

 

တောင်ကိုရီးယား K-pop အမျိုးသားအဖွဲ့ BTS အဖွဲ့ဝင်များ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းတော့မည်ဖြစ်ပြီး အသက်အကြီးဆုံး အဖွဲ့ဝင် Jin က ပထမဆုံးဖြစ်မည်ဟု ၎င်းတို့၏ အေဂျင်စီက အောက်တိုဘာလ (၁၇) ရက်နေ့တွင် ပြောသည်။ 

လာမည့် ဒီဇင်ဘာလတွင် အသက် (၃၀) ပြည့်မည့် Jin က စစ်မှုထမ်းကာလအပြည့် တာဝန်ထမ်းဆောင်မည်ဖြစ်ရာ ပရိသတ်မြင်ကွင်းမှ (၂) နှစ်နီးပါးကြာ ပျောက်နေလိမ့်မည် ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ပွဲဦးထွက်ခဲ့ပြီးနောက် အဖွဲ့ဝင် (၇) ဦးပါ BTS (Bangtan Boys) အဖွဲ့မှာ ကမ္ဘာတဝန်း အလွန်အောင်မြင်ကျော်ကြားလာခဲ့သည်။ 

အသက်အကြီးဆုံး အဖွဲ့ဝင် Jin က စစ်မှုထမ်းရန် စာရင်းပေးသွင်းမှု ဆိုင်းငံ့ထားရန် တောင်းဆိုထားမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် ရုပ်သိမ်းသွားမည်ဖြစ်ပြီး စာရင်းပေးသွင်းရန်အတွက် Military Manpower Administration ၏ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်သွားမည်ဟု BTS ၏ အေဂျင်စီ HYBE  က ပြောသည်။

အခြား BTS အဖွဲ့ဝင်အားလုံးလည်း ၎င်းတို့၏ သက်ဆိုင်ရာ အစီအစဥ်များအတိုင်း စစ်မှုထမ်းသွားမည်ဟု HYBE က ထုတ်ပြန်သည်။ 

ကုမ္ပဏီနှင့် BTS အဖွဲ့ဝင်များက ၎င်းတို့၏ စစ်မှုထမ်းကာလ ပြီးဆုံးပြီးနောက် ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် အဖွဲ့ဝင်များ လူပြန်စုံကြမည် မျှော်လင့်ထားကြောင်း  BTS နှင့် ပတ်သက်၍ စီမံခန့်ခွဲမှု ဆောင်ရွက်ပေးနေသည့် Bighit Music ၏ သီးခြား ထုတ်ပြန်ချက်တွင် ပြောထားသည်။

တောင်ကိုရီးယားဥပဒေအရ အသက် (၁၈) နှစ်နှင့် (၂၈) နှစ်အတွင်းရှိ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းသူအားလုံးမှာ စစ်တပ်တွင် (၁၈) လမှ (၂၁) လကြာ မဖြစ်မနေ စစ်မှုထမ်းရကြောင်း သိရသည်။ 

သို့သော် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သူများနှင့် ပြိုင်ပွဲများတွင် ထိပ်တန်းဆုများရှိခဲ့သည့် ဂန္တဝင်ဂီတသမားနှင့် အကသမားများ အပါအဝင် အချို့ကိုမူ စစ်မှုထမ်းကင်းလွတ်ခွင့် သို့မဟုတ် တိုတောင်းသည့် စစ်မှုထမ်းကာလ သတ်မှတ်ပေးထားသည်။

တစ်ကိုယ်တော် ဂီတလှုပ်ရှားမှုများလုပ်ရန် BTS အဖွဲ့က ၎င်းတို့၏ အဖွဲ့လိုက် ဂီတလှုပ်ရှားမှုများ ဇွန်လအတွင်း ရပ်နားခဲ့ရာ အဖွဲ့၏ အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းများလည်း ထွက်ပေါ်ခဲ့သည်။ 

World Expo 2030 ပြပွဲကို လက်ခံကျင်းပမည့် ဘူဆန်မြို့တွင် အောက်တိုဘာလ (၁၅) ရက်နေ့က ကျင်းပခဲ့သည့် အခမဲ့ ဂီတဖျော်ဖြေပွဲတွင် BTS အဖွဲ့က အဖွဲ့လိုက် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

Source: Reuters