အိန္ဒိယနိုင်ငံအတွင်းရှိ ကျေးရွာတစ်ရွာတွင် (၇၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွာသားတစ်ဦး အစိုးရအလုပ် ရရှိမှုအတွက် အောင်ပွဲခံ

အိန္ဒိယနိုင်ငံအတွင်းရှိ ကျေးရွာတစ်ရွာတွင် (၇၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွာသားတစ်ဦး အစိုးရအလုပ် ရရှိမှုအတွက် အောင်ပွဲခံ
စက်တင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ကျေးရွာတစ်ရွာက (၇၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွာသားတစ်ဦး အစိုးရအလုပ်အကိုင် ရရှိခဲ့မှုအတွက် အောင်ပွဲခံခဲ့ကြသည်။ 

Sohagpur ကျေးရွာမှ ရွာသားတစ်ဦးဖြစ်သူ အသက် (၃၀) နှစ်အရွယ် ရာကက်ရှ်ကူးမားက အစိုးရစာသင်ကျောင်းတစ်ကျောင်းတွင် မူလတန်းပြဆရာအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကူးမား အစိုးရအလုပ်ရသည့် သတင်းကို ကြားသိရချိန်တွင် ရွာသူရွာသားများက မုန့်အချိုများ ဝေငှကြပြီး ရောင်စုံအမှုန့်များ ပက်ဖြန်းလိမ်းခြယ်ကာ အောင်ပွဲခံခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံတွင် လုံခြုံမှုနှင့် အခြား ခံစားခွင့်များရရှိမှုအတွက် အစိုးရအလုပ်ကို လုပ်ကိုင်လိုသူများကြောင်း သိရသည်။ 

အစိုးရကျောင်း၏ ကျောင်းဆရာအလုပ်ကို ရရှိခဲ့သည့် Sohagpur ရွာသား ကူးမားက ၎င်း၏ကျေးရွာနှင့် တစ်ခရိုင်းတည်းတွင်ရှိသော Barkurwa ကျေးရွာတွင် မူလတန်းကလေးငယ်များကို စာသင်ရမည်ဖြစ်သည်။

၎င်း၏ဇာတိ Sohagpur ကျေးရွာ အစိုးရစာသင်ကျောင်းတွင်မူ ပြည်နယ်၏ အခြား နေရာဒေသများမှ ဆရာ/ဆရာမများက တာဝန်ထမ်းဆောင်နေကြသည်။ 

ဒေသဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ Devendra Chowdhary ၏ ပြောကြားအရ Sohagpur ကျေးရွာတွင် နေထိုင်ကြသူများမှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၇ ခုနှစ်ကတည်းက တည်မြဲပြီး လစာကောင်းသည့် အလုပ်အကိုင်များကို လိုချင်ခဲ့ကြသည်ဟု ဆိုသည်။

 သို့သော် ထိုသို့ဖြစ်နိုင်ခြေမှာ နည်းပါးခဲ့သည်။

ကျောင်းသူ/ကျောင်းသား အများအပြားမှာ ပညာသင်ကြားရန် ရွာနှင့်အနီးအနားရှိ မြို့ကြီးများသို့ သွားရောက်ကြရသည်။

 သို့သော် အစိုးရကျောင်းဆရာအလုပ် ရရှိသွားသည့် ကူးမားမတိုင်မီအထိ ထိုကျေးရွာမှ မည်သူတစ်ဦးတစ်ယောက်ကမျှ အစိုးရအလုပ် မရခဲ့ပေ။ 

အစိုးရအလုပ်ရရှိသွားသည့် ကူးမား၏အောင်မြင်မှုက ကျေးရွာမှ ကံဆိုးနေမှုကို ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး ငယ်ရွယ်သည့် မျိုးဆက်များအနေဖြင့် ၎င်း၏အောင်မြင်မှုကို အတုယူကြလိမ့်မည်ဟု Chowdhary က ဆိုသည်။

၎င်းနှင့်ပတ်သက်၍ ရွာက ဂုဏ်ယူစေရန် လုပ်ဆောင်ပေးနိုင်ခဲ့မှုအတွက် ဝမ်းသာပီတိဖြစ်ရကြောင်း ကူးမားက BBC သတင်းဌာနကို ပြောခဲ့သည်။ 

သို့သော် အစိုးရအလုပ်ရရှိရန် ၎င်း၏ခရီးလမ်းမှာ မလွယ်ကူခဲ့ဟု ကူးမားက ဖွင့်ဟသည်။ 

ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦး၏ သားဖြစ်သူ ကူမားက အထက်တန်းကျောင်းတက်ရန် ရွာနှင့် မိုင် (၂၀) ဝေးကွာသော Muzaffarpur မြို့သို့ စက်ဘီးစီးသွားရောက်ခဲ့ရသည်။ 

စားဝတ်နေရေး အဆင်ပြေစေရန် ကူးမားက ၎င်း၏ အားလပ်ချိန်တွင် ပိုငယ်သည့် ကျောင်းသူကျောင်းသားများကို စာသင်ပေးကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက် ပိုမိုခက်ခဲလာခဲ့ကြောင်း ကူးမားက ဖွင့်ဟခဲ့သည်။ 

"ဒါပေမဲ့ ကျွန်တော့်အဖေရဲ့ အိပ်မက်ကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့တယ်။ သူက ကျွန်တော့်ကို ဆရာဝန်တစ်ယောက် ဒါမှမဟုတ် ကျောင်းဆရာတစ်ယောက် ဖြစ်စေချင်ခဲ့တာ။ အခုတော့ သူ့အိပ်မက်တွေ အမှန်တစ်ကယ်ဖြစ်လာအောင် ကျွန်တော် လုပ်ခဲ့ပါပြီ" ဟု ကျောင်းဆရာကူးမားက ပြောသည်။ 

ကျောင်းဆရာအလုပ်ကို ရရှိခဲ့ခြင်းက ၎င်းအတွက် အခွင့်အလမ်းသစ်များကို တံခါးဖွင့်ပေးလိုက်ခြင်းဟုလည်း ကူးမားကဆိုသည်။ 

ယခုအခါ ကူးမားက ပိုမိုမြင့်မားသည့် အစိုးရအမှုထမ်းဖြစ်ရေး ပြည်နယ်စာမေးပွဲများ ဖြေဆိုသွားရန် ပြင်ဆင်နေကြောင်း သိရသည်။

Source: BBC