အာဏာသိမ်းစစ်ကောင်စီ၏ စစ်ခုံရုံးက မော်ဒယ် နန်းမွေစံကို ထောင်ဒဏ် ၆ နှစ်ချမှတ်

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ခုံရုံးက မော်ဒယ် နန်းမွေစံကို ထောင်ဒဏ် ၆ နှစ်ချမှတ်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် မော်ဒယ်  နန်းမွေစံကို စစ်ခုံရုံးဖြင့်စစ်ဆေးပြီး ယနေ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ထောင်ဒဏ် (၆)နှစ် ချမှတ်သည်ဟု သိရသည်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြောက်ဒဂုံတွင် နေထိုင်သည့် မော်ဒယ် နန်းမွေစံကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ကြောင်းသိရပြီး အလားတူ ဖမ်းဆီးခံထားရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို မရမ်းကုန်းမြို့နယ်တွင် တရားရုံးတွင် အမှုစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးကတည်းက ၎င်းတို့အား ဆန့်ကျင်သည်ဟု ယူဆသူများအား ခေါင်းစဉ်မျိုးစုံတပ်၍ ဖမ်းဆီးမှုများလုပ်နေသည့် စစ်ကောင်စီက Sexy Model အများအပြားရှိသည့်အထဲမှ အောင်မြင်သည့် မော်ဒယ် နန်းမွေစံနှင့် သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့အား  မြန်မာယဉ်ကျေးမှုနှင့်မညီ၍ဟုဆိုကာ ယခုနှစ် ဩဂုတ်လအတွင်းက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက မော်ဒယ်နန်းမွေစံကို ယခုနှစ်မေလအတွင်းက နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းကာ နိုင်ငံခြားခရီးသွားခွင့်ကို ပိတ်ခဲ့သည်ကိုလည်း တွေ့ရသည်။

အနုပညာရှင်အချို့မှာ အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းကို ခံနေရပြီး အချို့မှာ အမှုဖွင့်တရားစွဲဆိုခံရ၍ တိမ်းရှောင်နေရခြင်းများလည်း ရှိနေသည်။