UWSA၊ SSPP နှင့် NDAA တို့ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်

UWSA၊ SSPP နှင့် NDAA တို့ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအရ UWSA၊ SSPP နှင့် NDAA အဖွဲ့  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် နေပြည်တော်သို့ ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ နေပြည်တော်တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ၏ ဒု-ဥက္ကဋ္ဌ   ဦးစန်ပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ဒု- ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ဒု-ဥက္ကဋ္ဌ ဦးလော့ယာကုဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တို့ ရောက်နေကြသည်ဟု သိရသည်။

 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးထားသည့် အဆိုပါအဖွဲ့ (၃)ဖွဲ့နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ယခု ဒုတိယအကြိမ်ဖြစ်သည်။

UWSA အဖွဲ့သည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ၂၀၂၂ ခုနှစ် မေလ (၂၉)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NDAA(မိုင်းလား) အဖွဲ့က စက်တင်ဘာလ (၇) ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တြိဂံဒေသစစ်ဌာနချုပ်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အလားတူ SSPP အဖွဲ့ကလည်း ဩဂုတ်လ (၄)ရက်နေ့က နေ‌ပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့က စစ်တပ်အင်အားဖြင့် နိုင်ငံ့အာဏာသိမ်းလိုက်ပြီး ဆန့်ကျင်သူများကို လက်နက်ဖြင့်အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ယခင်လက်နက်ကိုင်အဖွဲ့များ မရှိသည့်ဒေသ အများအပြားတွင်ပါ လက်နက်ကိုင်တော်လှန်မှုများ ထွက်ပေါ်လာကြချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အာဏာသိမ်းအဖွဲ့နှင့် ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးနေကြသည်ကို တွေ့ရသည်။

#TachileikNewsAgency