မြစ်ကြီးနားရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနေအိမ်တွင် ပစ်ခတ်မှုဖြစ်

မြစ်ကြီးနားရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းနေအိမ်တွင် ပစ်ခတ်မှုဖြစ်
ဇန်နဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း၏ နေအိမ်တွင် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့ ည(၇)နာရီဝန်းကျင်က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီး (၆)ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲနေချိန်အတွင်း သေနတ်ပစ်ခတ်သံများလည်း ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

"ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းအိမ်မှာဖြစ်တာ။ အသေးစိတ်အချက်အလက်တော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

Tachileik News Agencyက စုံစမ်းသိရှိရသည့် အချက်အလက်များအရ ရမ်ပူရပ်ကွက်ရှိ ခေမာသီရိ လမ်းသွယ်(၁၃)လမ်း၊

ရမ်ပူရပ်ကွက်နှင့်အစပ်၊ လီဆူကွင်းထိပ်ရှိ ယခင်ဒူးလေးပါတီရုံးဖွင့်သည့်‌နေအိမ်မှ ဦးရွှေမင်း၏ ပြည်သူ့စစ်တပ်ဖွဲ့များ ပစ်ခတ်ခံရသည်ဟုလည်း သိရှိရသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agencyက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဒူးလေးပါတီဟု အများကခေါ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)ဥက္ကဋ္ဌဟောင်း ဦးရွှေမင်းသည် စစ်ခေါင်းဆောင်ပေးအပ်သည့် သီရိပျံချီဘွဲ့ကို ရရှိထားသူဖြစ်သည်။

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရထားသူလည်းဖြစ်ကာ အာဏာသိမ်းခြင်းကို ထောက်ခံပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ KIA၊ PDFတပ်များအား တိုက်ခိုက်နေသူဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အဆိုပါလုပ်ရပ်များကြောင့် ၄င်း၏ ပြည်သူ့စစ်တပ်ဖွဲ့သည် လီဆူတစ်မျိုးသားလုံးကို ကိုယ်စားမပြုကြောင်း ဒေသခံများကပြောဆိုခဲ့ကြသည်။

#TachileikNewsAgency