တာချီလိတ်မြို့တွင်  နေ့ခင်းချိန်ကြီး ဓါးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူ ဓါးပြတိုက်သည့် အမျိုးသား(၃)ဦးကို ဖမ်းမိ

တာချီလိတ်မြို့တွင်  နေ့ခင်းချိန်ကြီး ဓါးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူ ဓါးပြတိုက်သည့် အမျိုးသား(၃)ဦးကို ဖမ်းမိ

 တာချီလိတ်မြို့တွင် နေ့ခင်းချိန်ကြီး ဓါးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူ ဓါးပြတိုက်သည့် အမျိုးသား(၃)ဦးကို ဖြစ်စဉ် ဖြစ်ပွားပြီး နောက်တစ်နေ့ ညနေပိုင်းတွင် မြို့မသုသာန်ဟောင်း၌ ဖမ်းမိကြောင်း သိရသည်။

၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာနှင့်နီးသည့် ဂေါက်ကွင်းရှိ ရေကန်တွင် လူငယ်(၃)ဦး ဆိုင်ကယ် ရပ်ပြီး ငါးမျှားနေရာမှ ဓါးရှည်များ ကိုင်ဆောင်ထားသည့် အမျိုးသား(၃)ဦး ရောက်ရှိလာပြီး ဓါးဖြင့် ဝှေ့ရမ်း လိုက်ခုတ်ကာ ဆိုင်ကယ် လုယူပြီး တွန်းယူသွားမှု ဖြစ်ပွားခဲ့ရာမှာ စက်တင်ဘာလ(၂၆)ရက်နေ့ ညနေပိုင်းတွင်  ကျောက်တောင်သင်္ချိုင်းဟု ခေါ်သည့် မြို့မသုသာန်ဟောင်းတွင် ဖမ်းမိခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အမျိုးသား (၃)ဦးအနက် အသက်(၃၁)နှစ်အရွယ် စိုးသီဟထွန်း (ခ) ဆေးဘဲကို မြို့မသုသာန်ဟောင်းတွင် ဖမ်းမိပြီး  ကျန်ရှိသည့် အောင်သီဟ(ခ)မွေးနီ နှင့် အောင်ဇော်(ခ)စွပ်ကျယ် တို့ကို ဆက်လက်ဖမ်းမိပြီးနောက် တာချီလိတ်မြို့မရဲစခန်းတွင် စစ်ကြောနေသည်ဟု သိရသည်။

"ဖမ်းမိပြီဆိုတာကို မနေ့ညက ကြားတယ်။ တာချီလိတ်မှာ မင်းမဲ့စရိုက်ဆန်နေတာ ကြာပြီ၊ အခုလို ဖမ်းမိတာ ကောင်းတယ်။ တခုရှိတာက အရင်လို ပြန်လွှတ်ပေးလိုက်တာတို့၊ နောက် သူတို့နဲ့ ဆက်စပ်တဲ့ ကွင်းဆက်တွေ သူခိုးလက်ခံတွေကို မဖော်ထုတ်နိုင်တာတို့ဆိုရင်တော့  ဆက်ဖြစ်နေဦးမှာပဲ။ တာချီလိတ်မှာ ဆိုင်ကယ်တွေကို ဘယ်သူတွေက ခိုးတာလဲ။ ပြန်ဝယ်ပေးတဲ့ လက်ခံပေးတဲ့ သူခိုးလက်ခံဆိုသူတွေက ဘယ်သူလဲက အစ ရဲတွေက အသိဆုံးပဲ။ ခရိုင်ရဲ(မှု/နှိမ်)ကလည်း  နယ်ထိန်းတွေက ပိုသိပါတယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ရှိ နေအိမ် အခန်းငှားများတွင် ဆိုင်ကယ်ခိုးခံရမှုများမှ နေ့စဉ်နီးပါး နေ့ရော ညပါ ဖြစ်ပေါ်နေပြီး ဓါးဖြင့် ခြိမ်းခြောက် လုယက် ဓါးပြတိုက်သည့်အဆင့်ထိပါ ယခုနောက်ပိုင်းတွင် အဖြစ်များလာသော်လည်း ဖမ်းဆီးရမိမှုမှာ အလွန်နည်းပါးသည်ကို ဖြစ်စဉ်များအရ သိရသည်။ 

တာချီလိတ်မြို့တွင်  ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၂)နာရီခွဲ ဝန်းကျင်အချိန်က   ပုံလို့ရှိ ဗုဒ္ဓဂါယာတွင် အမျိုးသား(၃)ဦးက အမျိုးသမီး(၂)ဦးကို ဓါးထောက်ပြီး ဆိုင်ကယ်နှင့်ဖုန်းများ လုယက် ဓါးပြတိုက်မှု နှင့် စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ဝမ်မိုင်ရွာနှင့်နီးသည့် ဂေါက်ကွင်းရှိ ရေကန်တွင်ဖြစ်ပွားသည့် ဖြစ်စဉ်အပါအဝင် (၂)ရက်ဆက်တိုက် လုယက်ဓါးပြတိုက်မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။