တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း ဓါးကိုင် ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုယူ ဓါးပြတိုက်မှု ထပ်မံ ဖြစ်ပွား

တာချီလိတ်မြို့ ဝမ်မိုင်ရွာအတွင်း ဓါးကိုင် ခြိမ်းခြောက်ပြီး ဆိုင်ကယ် လုယူ ဓါးပြတိုက်မှု ထပ်မံ ဖြစ်ပွား

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်မိုင်ရွာ နှင့် ဂေါက်ကွင်းအကြား  ဓါးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူမှု ထပ်မံ ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာနှင့်နီးသည့် ဂေါက်ကွင်းရှိ ရေကန်တွင် လူငယ်(၃)ဦး ဆိုင်ကယ် ရပ်ပြီး ငါးမျှားနေရာမှ ဓါးရှည်များ ကိုင်ဆောင်ထားသည့် အမျိုးသား(၃)ဦး ရောက်ရှိလာပြီး ဓါးဖြင့် ဝှေ့ရမ်း လိုက်ခုတ်ကာ ဆိုင်ကယ် လုယူပြီး တွန်းယူသွားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်အမျိုးအစားမှာ PCX ဖြစ်ပြီး  ရီမုဖြင့် စက်နိုးရသည့်အတွက် ၎င်းတို့သည် ဆိုင်ကယ်ကို ဝမ်မိုင်ရွာအတွင်းဘက်သို့ တွန်းယူသွားရာ ခြိမ်းခြောက်ခံရသည့် လူငယ်များက အော်ဟစ်အကူအညီတောင်းသည့်အခါ အနီးဝန်းကျင်များနှင့် ဆိုင်ကယ် Taxi မောင်းသူများ လမ်းတလျှောက် ရောက်ရှိလာကြသော်လည်း ဓါးများကိုင်ဆောင်ထား၍ အနားမကပ်ရဲကြကြောင်း သိရသည်။ 

၎င်းတို့သည် လာရောက်သူ လူများလာ၍  ဆိုင်ကယ်အား လမ်းခုလတ်တွင် ထားခဲ့ပြီး မည်သူမှ အနားမကပ်ရန်အတွက် ဓါးရှည်ဖြင့် ဝှေ့ရမ်းကာ လမ်းဆက်လျှောက်ပြီးနောက်  (၃)ဦးအနက် ဆိုင်ကယ်ဖြင့် အသင့်  လိုက်ပါလာသည့် တစ်ဦး၏ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြကြောင်း ဝမ်မိုင်ရွာအတွင်းနေသူ တစ်ဦးက Tachileik News Agency ကို ပြန်လည် ပြောပြသည်။

ဓါးများကိုင်ဆောင်ထားသည့် အမည်မသိ အမျိုးသား(၃)ဦး၏ ဓါးများဖြင့် ဝှေ့ရမ်းမှုကြောင့် တစ်ဦးမှာ မစိုးရိမ်ရသည့် ဓါးဒဏ်ရာရရှိသည်ဟုလည်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၂)နာရီခွဲ ဝန်းကျင်အချိန်ကလည်း  ပုံလို့ရှိ ဗုဒ္ဓဂါယာတွင် အမျိုးသား(၃)ဦးက အမျိုးသမီး(၂)ဦးကို ဓါးထောက်ပြီး ဆိုင်ကယ်နှင့်ဖုန်းများ လုယက် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ခိုး ဆိုး လုယက် ဓါးပြတိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး ဆိုင်ကယ် လုယူ ခိုးယူ ဓါးပြတိုက်သူတို့၏ CCTV မှတ်တမ်းများ နှင့် ဓါတ်ပုံများဖြင့် Facebook များပေါ်တွင် တင်ထားကြသော်လည်း ရဲတပ်ဖွဲ့က မသိချင်ယောင်ဆောင်ကာ ဖော်ထုတ်ဖမ်းဆီးခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည်ဟု ဒေသခံများက ဆိုသည်။

 

"အခုလို ဖြစ်စဉ်တွေ မကြာခဏ ဖြစ်နေတယ်။ ဆိုင်ကယ် ခိုးခံရတာတို့ လုခံရတာတို့နဲ့ ပတ်သက်ပြီး ရဲစခန်းကို သွားပြောလဲ ဘာမှမလုပ်ပေးဘူး။ သတင်းဌာနတို့ကို ဆက်သွယ် သတင်းပေးပြန်တော့လည်း သတင်းဌာနက ရှာပေးတာမဟုတ်ဘူး။ ငါတို့ပဲ ရှာပေးတာ။ နောက်ဆို သတင်းဌာနကို သတင်းမပေးနဲ့ ဆိုတာမျိုးတွေလည်း ရဲစခန်းက ပြောလွှတ်တာတွေရှိတယ်။ တချို့ကြတော့လည်း သူတို့ ပစ္စည်း ပြန်ရတာ မရတာထက် နောက်လူတွေ သတိထားနိုင်အောင် ဆက်သွယ်သတင်းပေးတာလည်း ရှိတာပေါ့။ အခုတော့ တာချီလိတ်ရဲ့ အခြေအနေက ပြည်သူတွေအတွက် လုံခြုံမှု မရှိတော့ဘူး။ လွတ်လွတ်လပ်လပ် သွားလာလို့ မဝံ့ရဲကြတော့ အခြေနေ ဖြစ်နေတယ်"ဟု ဝမ်ကောင်းရပ်ကွက်တွင်းနေသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ကာလများက ဆိုင်ကယ်ခိုးသူနှင့် လုယက်သူများကို ဖမ်းမိမှုများ အနည်းငယ်ရှိခဲ့သော်လည်း သူခိုးလက်ခံအဖြစ် ပြန်လည် ဝယ်ယူသူ နှင့် ကွင်းဆက်များကို ရဲတပ်ဖွဲ့က သိရှိပြီးဖြစ်ပေမဲ့လည်း အရေးယူခြင်းမရှိကြောင်း သိရသည်။

#TachileikNewsAgency