တာချီလိတ်မြို့တွင် ရေများ ကျသွားသော်လည်း စစ်တပ်နှင့်သက်ဆိုင်ရာတို့က နေရာကွက်ပြီး သန့်ရှင်းရေးလုပ်၍ ရွံ့နွံနုန်းများ ရှင်းလင်းရန် နေရာများစွာ ကျန်နေကာ အကူအညီမဲ့နေ

တာလော့ဈေးအတွင်း ၁၇.၈.၂၀၂၂ နံနက်တွင် တွေ့ရစဉ်။
တာလော့ဈေးအတွင်း ၁၇.၈.၂၀၂၂ နံနက်တွင် တွေ့ရစဉ်။
တာချီလိတ်မြို့တွင် ရေများ ကျသွားသော်လည်း စစ်တပ်နှင့်သက်ဆိုင်ရာတို့က နေရာကွက်ပြီး သန့်ရှင်းရေးလုပ်၍ ရွံ့နွံနုန်းများ ရှင်းလင်းရန် နေရာများစွာ ကျန်နေကာ အကူအညီမဲ့နေ
သြဂုတ် 17, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် (၂)ရက် ဆက်တိုက် ရေကြီးရေလျှံပြီးနောက် ရွှံ့နွံနုန်းများ တင်ကျန်ခဲ့ရာမှ ယနေ့ ဩဂုတ်လ(၁၇)ရက်နေ့အထိ ရှင်းမနိုင်သေးကြောင်းနှင့် စစ်တပ်နှင့်ဌာနဆိုင်ရာများက လူမြင်ကွင်းများတွင်သာ ရှင်းလင်းမှုများ လုပ်ပြနေပြီး လူသွားလာနည်းသည့် နေရာများတွင် လာရောက် လုပ်ဆောင်ပေးခြင်းမရှိ၍ ၎င်းတို့၏ လုပ်ဆောင်မှုသည် ပုံရိုက်ရန်အတွက် ဟန်ပြသာ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

တာလော့ဈေးအတွင်း ၁၇.၈.၂၀၂၂ နံနက်တွင် တွေ့ရစဉ်။

ဩဂုတ်လ(၁၅)ရက်နေ့က မကာဟိုခမ်း၊ ပုန်းထွန်နှင့် တာလော့ရပ်ကွက်တို့အတွင်း လူသူသွားလာမှုများသည့် နေရာများကိုသာ ရွေးချယ်ပြီး စစ်တပ်၊ ရဲ၊ စည်ပင် နှင့် သက်ဆိုင်ရာ ဌာနများ စုပေါင်း သန့်ရှင်းရေးလုပ်ကာ မှတ်တမ်းပုံရိုက်ယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 တာလော့ရပ်ကွက်၊ တာလော့ဈေးအတွင်း  SK, စကော်ပီယံ လမ်းကြားဘက်တွင် ရေကြီးစဉ်က ကယ်ဆယ်ရေးများ မရောက်ရှိသည့်အပြင် ရေကျပြီးနောက် ရှင်းလင်းရေး ဝိုင်းလုပ်ကြချိန်တွင်လည်း အဆိုပါ လမ်းပိုင်းတွင် လာရောက် လုပ်ဆောင်ပေးခြင်းမရှိသလို ရပ်ကွက်ဥက္ကဌ နှင့် စည်ပင်ကလည်း လာရောက် လုပ်ဆောင်ပေးခြင်းမရှိဟု သိရသည်။

ပုန်းထွန်ရပ်ကွက်အတွင်း

"ရေကြီးတုန်းကလဲ ရေစီးသန်တော့ ဘယ်ကယ်ဆယ်ရေးအဖွဲ့မှ လာမကူကြဘူး။ ဆိုင်တံခါးတွေပွင့် သူခိုးတွေခိုး၊ ထမင်းဝေတော့လဲ ဒီဖက်မပါဘူး၊ (၂)ရက်လောက်ငတ်ခဲ့ရတယ်၊ သူတို့က ဖေ့ဘွတ်ပေါ်သာ ဟန်ရေးလုပ်နေတာ။ ခုလဲ   စည်ပင်ကို အကူအညီတောင်းထားတယ်။ ခုထိ မလာဘူး၊ သူတို့မလာရင် ဘယ်လိုဆက်လုပ်ရမလဲ။ ကားငှားရင် ကားခလဲ ဈေးအရမ်းကြီးတယ်။ အပြင်းကားတွေကဲ ရွှံ့တွေပေရင် မလိုက်ဘူးတဲ့။ အလုပ်သမားခေါ်ခိုင်းရင်လည်း ဈေးကြီးပေးရတယ်။ ဘယ်သူမှ ကူညီပေးမဲ့လူမရှိဘူးဖြစ်နေတယ်။"ဟု တာလော့ရပ်ကွက်တွင်းနေသူ တစ်ဉီးက Tachileik News Agency သို့ ပြောသည်။

 

တာလော့ရပ်ကွက်အတွင်း လမ်းကြားများတွင် ရွှံ့နွှံနှင့်နုန်းများ အပြင်၊ သဲအိတ်များပြန်လည်ဖယ်ထုတ်ရေးအတွက် လုပ်အားများ လိုအပ်နေခြင်းလည်းဖြစ်သည်။

"ဟုတ်တယ်။ ခုထိ လာမသိမ်းပေးကြဘူး၊ ရပ်ကွက်ကလည်း လူမညီသလို ရပ်ကွက် ဥက္ကဌကလည်း လူမြင်တဲ့နေရာမှာပဲ လုပ်ပြတာ။ လမ်းကြားထဲဆို မလာဘူး။ ထမင်းထုပ်တွေ ဝေတုန်းကဆိုရင်လည်း တာလော့ဈေးအတွင်းနဲ့ ကမ်းနားလမ်းဘက်အခြမ်း မရောက်ဘူး။ သူတို့အဖွဲ့နဲ့တင်ကုန်တယ်။ အခု ဈေးအတွင်းမှာ ဘာမှမရှင်းရသေးဘူး သူတို့တွေ အရေးအကြောင်းဆို ထွက်ဖို့မလွယ်တဲ့ အခြေအနေဖြစ်နေတယ်။ ဥက္ကဌကို ဖုန်းဆက်တော့လည်း နင်တို့ အလုပ်တစ်ခုတည်း လုပ်နေတာမဟုတ်ဘူး လို့ ပြောတယ်။ စိတ်တောင်ဆိုးပြသေးတယ်။"ဟု တာလော့ဈေးတွင်းနေသူတစ်ဦးက ပြောသည်။

ယင်းအပြင် ပုန်းထွန်ရပ်ကွက်အတွင်း ခရိုင်လဝကရုံးသို့ မရောက်မီ မြရွှေစင် ငွေလုပ်ငန်းဆိုင်အကွေ့ကနေ အလူရာဟိုတယ်သို့ သွားရာလမ်းတွင်လည်း အကူအညီမဲ့နေကြောင်း သိရသည်။

"မြရွှေစင်ကနေ အလူရာဘက်သွားတဲ့ လမ်းမှာလည်း ရှင်းပေးမဲ့လူမရှိဘူး အရင်လို ရေကြီးတာမျိုးဆို ကိုယ့်ဘာသာရှင်းလို့ရတယ်။ အခုက စံချိန်တင် ရေကြီးရေလျှံဖြစ်တာဆိုတော့ ကိုယ့်ဘာသာရှင်းဖို့ အရမ်းခက်တယ်။ ရွှံ့တွေကလည်း အများကြီးပဲ။ တကယ်စေတနာထားရင် လူသွားလူလာ နည်းတဲ့ဘက်လည်း လုပ်ပေးသင့်ပါတယ်။"ဟု အလူရာလမ်းဘက်တွင် နေသူ တစ်ဦးက ပြောသည်။

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ကနေ ဩဂုတ်လ(၁၃)ရက်နေ့အထိ စံချိန်တင်ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရ ဆောက်လုပ်စ (၃)ထပ်နေအိမ်ပါ ရေထဲ မျောပါသွားသည့် ဖြစ်စဉ်အပြင် နေအိမ်နှင့်ဈေးဆိုင်များအတွင် ရေများအဆမတန် ဝင်ရောက်ကာ နစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ရသည်။

ရေများမှာ ဩဂုတ်လ(၁၄)ရက်နေ့ နံနက်စပြီး ကျသွားခြင်းဖြစ်သော်လည်း မြို့တွင် နေရာတော်တော်များများတွင် ဩဂုတ်လ(၁၇)ရက်နေ့အထိ ရှင်းလင်းရန် ကျန်ရှိနေခြင်း ဖြစ်သည်။

 

တာချီလိတ်မြို့တွင် ယခင် ရေကြီးရေလျှံမှု ဖြစ်စဉ်ဖြစ်ပွားစဉ်က ရေများကျသွားပြီးနောက် မြို့တွင်းသန့်ရှင်းရေးအတွက် လိုအပ်သည့် စက်ယန္တာရားများကို သတ္တူလုပ်ငန်းရှင်များအသင်းက  စက်ယန္တရားများကို ရယူအသုံးပြုခြင်းများရှိခဲ့သော် ယခု နှစ်တွင် ယင်းသို့ ပါဝင်ကူညီ လုပ်ဆောင်သည်ကိုလည်း မတွေ့ရပေ။

#TachileikNewsAgency