တာချီလိတ်မြို့ရှိ ဗုဒ္ဓဂါယာတွင် အမျိုးသမီးများကို ဓါးထောက်ပြီး ဆိုင်ကယ်နှင့်ဖုန်း လုယက် ဓါးပြတိုက်မှု ဖြစ်ပွား

တည်နေရာ
တည်နေရာ
တာချီလိတ်မြို့ရှိ ဗုဒ္ဓဂါယာတွင် အမျိုးသမီးများကို ဓါးထောက်ပြီး ဆိုင်ကယ်နှင့်ဖုန်း လုယက် ဓါးပြတိုက်မှု ဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့  ပုံလို့ရှိ ဗုဒ္ဓဂါယာတွင် အမျိုးသား(၃)ဦးက အမျိုးသမီး(၂)ဦးကို ဓါးထောက်ပြီး ဆိုင်ကယ်နှင့်ဖုန်းများ လုယက် ဓါးပြတိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

တာချီလိတ်မြို့ ပုံလို့ရှိ  ဗုဒ္ဓဂါယာတွင် ယနေ့  ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့ နေ့လည်(၂)နာရီခွဲ ဝန်းကျင်အချိန်က ဖြစ်ပွားခြင်းဖြစ်သည်။

Mask(နှာခေါင်းစည်း)များ တပ်ဆင်ထားသည့် အမျိုးသား(၃)ဦးက အမျိုးသမီး (၂)ဦးထံ ရောက်ရှိလာပြီး ဓါးရှည်ထုတ်ကာ လည်ဂုတ်ကို ထောက်ပြီး ဆိုင်ကယ်နှင့်ဖုန်းများကို လုယက် ဓါးပြတိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသား(၃)ဦးအနက် ဓါးကိုင်ထားသည့် အမျိုးသားတစ်ဦးမှာ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးပုံစံရှိသည်ဟု သိရသည်။

လုယူ ဓါးပြတိုက်ခံလိုက်ရသည့် ဆိုင်ကယ်မှာ ၂၀၂၁ခုနှစ်ထုတ် Wave i 125 ခဲရောင် ဖင်ထိုင်ခုံအနီ ဆိုင်ကယ်(၁)စီး နှင့် Poco X3 အမျိုးအစား ဖုန်း(၂)လုံး ပါသွား၍ လာရောင်း ပေါင်နှံ ရောင်းချပါက ဆက်သွယ်ပေးရန် ကာယကံရှင်မှ Facebook တွင် ရေးသားဖော်ပြ အကူအညီတောင်းခံထားသည်ကို တွေ့ရသည်။ 

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် အသိပေး တိုင်ကြားထားကြောင်း သိရသည်။

"ဗုဒ္ဓဂါရဘက်ကို လူငယ်တွေ သွားမယ်ဆိုရင်တော့ လူ (၃-၄)ယောက်လောက်နဲ့ သွားရင်လည်း စိတ်မချရဘူး။ လူပြတ်တဲ့နေရာဆိုတော့ အနည်းဆုံး လူ(၅)ယောက်အထက်လောက်နဲ့မှ သွားမှ စိတ်ချရမှာ။ ဓါးထောက် ဓါးပြတိုက်တဲ့လူတွေက အနည်းဆုံး (၂)ဦး ကနေ (၃)ဦး အင်အားရှိတယ်။ မကြာခဏ ဖြစ်နေတာဆိုတော့ သတိထားဖို့ အတော်လိုတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။



ပုံလို့ရှိ  ဗုဒ္ဓဂါယာတွင် အလားတူဖြစ်စဉ်မျိုး  ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်းက စပြီး မကြာခဏ ဖြစ်ပွားနေပြီး ဖြစ်ပွားတိုင်းလည်း ဖမ်းဆီးရမိခြင်းမရှိဟု သိရသည်။